ထိုင်းဘက်အဝင်ပိတ်လိုက်သဖြင့် တာချီလိတ်တွင်ထောပတ်သီးများ‌တောင်လိုပုံပြီး ကုန်သည်ကြီးများ အရှုံးခံ၍ လမ်းဘေးတွင် အခမဲ့ပေးဝေနေရ

(စီးပွားရေး) မတ် ၁၀

တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည့် ထောပတ်သီးများအား ထိုင်းနိုင်ငံဘက်မှ အဝင်မခံတော့သဖြင့် တင်ပို့သူကုန်သည် အမြောက်အမြား အရှုံးပေါ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ယင်းထောပတ်သီးများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း မတ်လဆန်းပိုင်းမှစ၍ ထိုင်းအကောက်ခွန်ဌာနက တင်သွင်းမှုကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းကြောင့် တာချီလိတ်မြို့တွင်‌ ထောပတ်သီးများ တောင်လိုပုံနေပြီး ကုန်သည်များမှ အရှုံးခံ၍ လမ်းဘေးတွင် ပေးဝေနေရကြောင်း သိရသည်။

ယခင် ၂၅ ကီလိုဂရမ်ပါ ထောပတ်သီးတစ်ဖာလျှင် ကျပ် ၂ သိန်းခွဲ (တစ်ကီလိုလျှင် ကျပ် တစ်သောင်းခန့်) ရှိသော်လည်း၊ ယခုအခါ တာချီလိတ်၌ တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ် (ကျပ် တစ်ထောင်ကျော်) ဖြင့်သာ ပြန်လည်ရောင်းချနေရပြီး ယမန်နေ့ မတ်လ ၉ရက်နေ့ မနက်ပိုင်းကလည်း ထောပတ်သီးဒိုင်တစ်ခုမှအချိန် ၄,၀၀၀ ကျော်ရှိသော ထောပတ်သီးများအား အများပြည်သူထံ အခမဲ့ ပေးဝေခဲ့ပြီး အခြားကုန်သည်တစ်ဦးမှလည်း အထားမခံသဖြင့် စွန့်ပစ်ရသည့် ထောပတ်သီး တန်ချိန်ဆယ်ချီရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ထောပတ်သီးအမျိုးအစားများမှာ Hass နှင့် Both 7 စသည်ဖြင့်ရှိကြပြီး Hass မှာ ပြည်ပဈေးကွက်ဝင်သီးနှံဖြစ်ရာ ပြီးခဲ့သည့် ဇန်နဝါရီလက တစ်ကီလိုလျှင် ဘတ် ၁၀၀ အထိ ဈေးရရှိခဲ့သော်လည်း၊ လက်ရှိတွင် ထိုင်းဘက်က အဝယ်မရှိတော့သဖြင့် ဈေးကွက်ပျက်သွားပြီဖြစ်ကြောင်းသိရသည်။

ယင်း ထောပတ်သီးအား ရှမ်းပြည်နယ်အတွင်းရှိ ပင်းတယ၊ ဟိုပုံး၊ ညောင်ရွှေ၊ အောင်ပန်းနှင့် ပြင်ဦးလွင်မြို့တို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။