ဆီပြတ်လတ်မှုမဖြစ်နိုင်ဘူးလို့ လုပ်ငန်းရှင်တစ်ချို့ပြော

(စီးပွားရေး) မတ် ၄

စက်သုံးဆီတွေပြတ်လပ်နိုင်တယ်ဆိုတဲ့သတင်းကြောင့် ဆီဆိုင်တွေမှာ အလုအယက်ဝယ်ယူမှုတွေရှိနေပေမယ့် ဆီပြတ်လတ်တဲ့အထိ ဖြစ်နိုင်ခြေမရှိဘူးလို့ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

“ဆီကမပြတ်ပါဘူးခင်ဗျ၊ အခုလည်းကားတစ်စီးချနေပါတယ်။ ဆီကားတွေလည်း ပုံမှန်အတိုင်း ဝင်မှာပါ။ အဓိကဆီဝင်ပေါက်တွေမှာအကြပ်အတည်းအနည်းငယ်ရှိနေနိုင်ပေမယ့် ဆီပြတ်တဲ့အထိဖြစ်လာနိုင်စရာမရှိပါဘူး” လို့ နာမည်ကြီးဆီဆိုင်တစ်ခုရဲ့ တာဝန်ခံတစ်ဦးကပြောပါတယ်။

သတင်းအမျိုးမျိုးကြောင့် စက်သုံးဆီရလိုဇောနဲ့ လာရောက်တန်းစီနေကြသူတွေရှိသလို တန်းစီပြီးရတဲ့ဆီကိုပြန်စုပ်ထုတ်ကာ ပြန်တန်းစီသူတွေလည်း ရှိ​နေတယ်လို့ ဆီဆိုင်တွေကပြောပါတယ်။

လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်မှာ အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးအတွက် အစိုးရက ပြည်သူတွေကို အသိပေးချက်ထုတ်ပြန်ထားပါတယ်။

အဲဒီအသိ​ပေးချက်မှာတော့ လာမယ့် မတ်လ ၇ ရက်ကစပြီး ပုဂ္ဂလိကယာဉ်တွေ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ လစဉ် “စုံ” ရက်တွေမှာ စုံနံပါတ်အက္ခရာပါတဲ့ယာဉ်တွေ (ဥပမာ- 2A/—–စသဖြင့်)၊ “မ” ရက်တွေမှာ မနံပါတ်အက္ခရာပါတဲ့ယာဉ်တွေ (ဥပမာ-1A/—-3A/—- စသဖြင့်) စတဲ့ ပုဂ္ဂလိကပိုင်ယာဉ်တွေသာ မောင်းနှင်အသုံးပြုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်တွေကတော့ နေ့စဉ်မောင်းနှင်နိုင်သလို နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တွေ အငှားယာဉ်တွေ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်တွေ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ်တွေလည်း အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်တွေ သာမက အများပြည်သူအနေနဲ့ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာတွေ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတယတွေ လုံးဝမပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

အခုအသိ​ပေးထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေဟာ ထပ်မံပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှု
မရှိတဲ့အချိန်အထိ အတည်ဖြစ်ပြီး အဆိုပါစည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အသိပေးကြေညာထားပါတယ်။