စက်မှုဇုန်များအတွက် LNG ဓာတ်အား သီးသန့်ပေးမည်၊ တစ်ယူနစ် ၉၀၀ ကျပ် သတ်မှတ်

(စီးပွားရေး) မတ် ၃

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သဘာဝဓာတ်ငွေ့ရည် (LNG) အသုံးပြု ဓာတ်အားပေးစက်ရုံများမှ ၂၄ နာရီ သီးခြားဓာတ်အားပေးမည့် အစီအစဉ်အတွက် တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပုံသေဓာတ်အားခနှုန်းထား သတ်မှတ်လိုက်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ကြေညာထားသည်။

အဆိုပါ အစီအစဉ်အရ တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးနိုင်သည့် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်သည့် ဓာတ်အားသုံးစွဲသူများကို ဓာတ်အားလိုင်းနှင့် စနစ်ပိုင်းဆိုင်ရာ ပြတ်တောက်မှုများ မရှိသရွေ့ Load Shed မပြုလုပ်ဘဲ သီးခြားဓာတ်အားပေးသွားမည်ဟု ဆိုသည်။

လက်ရှိတွင် အိမ်သုံးမဟုတ်သည့် စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ တစ်လုံးတစ်ခဲတည်းသုံးစွဲသူ၊ ယာယီသုံးစွဲသူများအပြင် လမ်းမီး၊ အစိုးရရုံးဌာနများ၊ နိုင်ငံပိုင်စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ၊ စည်ပင်သာယာဌာနများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် နိုင်ငံခြားသံရုံးများကို ၁ မှ ၅၀၀၀ ယူနစ်အထိ တစ်ယူနစ် ၂၅၀ ကျပ်၊ ၅၀၀၁ မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိသည်။

ထို့နောက် ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး နိုင်နင်းမှုမရှိပါက ဓာတ်အားဖြတ်တောက်မှု ဖြစ်ပေါ်နိုင်ပြီး ၂၄ နာရီ အပြည့်အဝ ရယူလိုသည့် သုံးစွဲသူများအနေဖြင့် တစ်ယူနစ် ၉၀၀ ကျပ်နှုန်းဖြင့် သီးခြားလျှပ်စစ်ရယူရန် တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။

အိမ်သုံးအမျိုးအစားများဖြစ်သည့် နေအိမ်သုံး၊ အိမ်သုံးပါဝါနှင့် စီးပွားရေးလုပ်ငန်းမပါသည့် ဘာသာရေးအဆောက်အအုံများအတွက်တော့ လက်ရှိနှုန်းထားများဖြစ်သည့် ၁ မှ ၅၀ ယူနစ် ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ် ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ် ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်အထက် ၃၀၀ ကျပ်တို့ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ထားသည်။