

(စီးပွားရေး) ဖေဖော်ဝါရီ ၂၇
တရုတ်နိုင်ငံ ရွှေလီမြို့ ကျယ်ခေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်တွင် ကူမင်းမြို့ ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ယူနန်ပြည်နယ်အစိုးရ တို့အကြား ပူးတွဲစီစဉ်ကျင်းပနိုင်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာအရ နှစ်ဖက်အကြား ကျောက်မျက်ရတနာကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ကျောက်စိမ်းအပါအဝင် ကျောက်မျက်ရတနာများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တားဆီးရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားထားသည်။
ထို့ပြင် သစ်တောကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင်လည်း နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး ဆက်လက်၍ တိုးချဲ့ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
အဆိုပါ MoU ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်နှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။