လဟယ်မြို့နဲ့ ကျေးရွာ ၁၂ ရွာကို လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မယ့် ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းကို ယာယီသမ္မတ သွားရောက်ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းက ဟွေထိုက်ချောင်းပေါ်မှာ ၂၀၂၃ ခုနှစ်က စတင်တည်ဆောက်နေတဲ့ ဟွေထိုက် ရေအားလျှပ်စစ်စီမံကိန်းကို ဒီနေ့  နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုပါတယ်။

ဟွေထိုက် ရေအားလျှပ်စစ်စီမံကိန်းမှာ ၄ မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိတဲ့ လျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်နေပြီး အဲ့ဒီစက်ရုံကနေ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂ဝ ဒသမ ၃၈၁ ကီလို ဝပ်နာရီသန်းကိုထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

စီမံကိန်းပြီးစီးပါက လဟယ်မြို့ အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာ၊ အိမ် ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မယ်လို့ သိရပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တဲ့ နိုင်ငံတော်ယာယီသမ္မတ က မိုးရာသီမရောက်ရှိခင်ကာလအတွင်း လိုအပ်တဲ့တည်ဆောက်ရေး လုပ်ငန်း​တွေကို ဆောင်ရွက်သွားဖို့ လျှပ်စစ်ဓာတ်အားလိုင်းတွေ သွယ်တန်းခြင်းလုပ်ငန်းတွေ ကြိုတင်စီမံဆောင်ရွက်ထားဖို့နဲ့ ဓာတ်အားဖြန့်ခွဲမယ့်အစီအမံတွေကို ကြိုတင်ရေးဆွဲထားရှိဖို့၊ ရာသီဥတုဆိုးရွားတဲ့ နေရာဖြစ်တာကြောင့် အခြေခံ Foundation တွေကိုမိုးရာသီမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားဖို့မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုစီမံကိန်းကတစ်ဆင့် ဒေသရဲ့လူမှုအကျိုးစီးပွားကို များစွာအထောက်ကူပြုနိုင်တာကြောင့် စီမံကိန်းကို စနစ်တကျနဲ့ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

#PAN