မရမ်းကုန်းတွင် လူနေအိမ်မီးလောင်ပြီး ညီအစ်မနှစ်​​ယောက် မီးလောင်သေဆုံး

(မှုခင်း)ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းမှာ ယနေ့ နံနက် ၃နာရီခွဲကျော်အချိန်က  လူနေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့  မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး နဲ့  ရွှေရောင်းသမိုင်းလူမှုကယ်ဆယ်ရေးအသင်းတို့က ပူးပေါင်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု့ကြောင့် အိမ်ပိုင်ရှင်ဖြစ်သည့်   အသက်၆၀ ကျော် ညီအစ်မနှစ်ယောက် သေဆုံးခဲ့ကြောင်း၊နေအိမ်တွင် စတိုးဆိုင် ဖွင့်ထားပြီး နေအိမ်အပေါ်ထပ်မှ သတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လက်ရှိပြီး သေဆုံးသူ ၂ဦး၏ ရုပ်အလောင်းအား အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ယနေ့ နံနက်  ၁၀  နာရီ ၂၄ မိနစ်အချိန်တွင်  ရန်ကုန်တိုင်း ၊  ခရမ်းမြို့နယ်၊ ကျုံမရေကျေးရွာတွင်  မီးလောင်မှုဖြစ်ပွားသဖြင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၁၀ နာရီ၃၄ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။