
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုတွေ ပေါများတာဟာ အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုတွေနဲ့ ဆက်စပ်နေတာကိုအခြေခံအားဖြင့် တွေ့ရှိနိုင်တယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ပေမယ့် အကြမ်းဖက်လုပ်ရပ်တွေကို ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးကိုအကြောင်းပြပြီး မိမိတို့ရဲ့ ကိုယ်ကျိုးအတွက် နိုင်ငံတော်ရဲ့သယံဇာတတွေကို တရားမဝင်ထုတ်ယူတာတွေကို အမြောက်အမြား ဆောင်ရွက်နေတယ်လို့ လည်း ယာယီသမ္မတကပြောဆိုပါတယ်။

အလားတူ လက်နက်အားကိုးနဲ့ ဒေသခံပြည်သူတွေထံကငွေကြေးတွေ အတင်းအဓမ္မကောက်ခံပြီး ၎င်းတို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးပြုနေကြတယ်လို့လည်းပြောပါတယ်။
အခုလိုလုပ်ဆောင်နေမှုတွေကြောင့် ဒေသခံပြည်သူတွေ ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာဝိုင်းဝန်းတိုက်ဖျက်သွားကြဖို့လိုတယ်လို့ နိုင်ငံတော် ယာယီသမ္မတက ပြောပါတယ်။

နိုင်ငံတော်ယာယီ သမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့ မွန်းလွဲပိုင်းက ဟုမ္မလင်းမြို့မှာရှိတဲ့ မြို့တော်ခန်းမမှာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး အခုလိုတွေ့ဆုံစဥ်မှာပြောကြားလိုက်တာ ဖြစ်ပါတယ်။