ပေါက်ခေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးပြုလုပ် (၃)လတစ်ကြိမ်ဆွေးနွေးနိုင်ရေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

(ပြည်တွင်း) ဖေဖော်ဝါရီ ၉

ပေါက်ခေါင်းမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး(ဒုတိယအကြိမ်) အစည်းအဝေးကို  ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါက်ခေါင်းမြို့ လေးမျက်နှာဘုရားဝင်းအတွင်းမှာရှိတဲ့ ကဇာတ်ရုံမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ပေါက်ခေါင်းဒေသအတွက် သက်ဆိုင်ရာကို မေတ္တာရပ်ခံတင်ပြပြီး ရရှိလာတဲ့ လုပ်ငန်းတွေအနက် ပြီးစီးခဲ့တဲ့လုပ်ငန်းတွေ၊ ဆောင်ရွက်ဆဲလုပ်ငန်းတွေ၊ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုပေးမယ့်လုပ်ငန်းတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်သိမ်းက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သလို ဌာနဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်နေတဲ့ လုပ်ငန်းအလိုက် မြို့မိမြို့ဖတွေကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြို့မိမြို့ဖတွေကလည်း ဆက်လက်ဆောင်ရွက်ပေးစေလိုတဲ့လုပ်ငန်းတွေကို တင်ပြဆွေးနွေးကြသလို ဌာနအလိုက်တာဝန်ရှိသူတွေကလည်း နှစ်အလိုက် သတ်မှတ်ဘဏ္ဍာရေးခွင့်ပြုချက်အရ ဖြစ်နိုင်ခြေတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

“ယခုလို မြို့မိမြို့ဖတွေနဲ့ ဒေသဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံမှုဟာ ဒုတိယအကြိမ်ဖြစ်ခဲ့ပြီး နောင်မှာလည်း (၃)လတစ်ကြိမ်ဆွေးနွေးနိုင်ရေး တိုက်တွန်းပြောကြားခဲ့သလို ကိုယ့်မြို့ကိုယ့်ရွာကို လာရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ဒေသဆိုင်ရာတာဝန်ရှိသူများအပေါ် မိသားစုသဖွယ် သ‌ဘောထားပြီးဝိုင်းဝန်းကူညီပေးဖို့၊ တာဝန်ရှိသူများကိုလည်း ကိုယ့်မြို့ကိုယ့်ရွာလို သဘောထားဖို့လည်းပြောဖြစ်ခဲ့ပါတယ်” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်သိမ်းက ပြောပါတယ်။

ဒါ့အပြင် ” မြို့ရဲ့အရေးအရာတွေဆောင်ရွက်ရာမှာ မျိုးဆက်သစ်တွေမွေးမြူရေး၊ မြို့ကိုစနစ်တကျနဲ့ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အလွှာ(၄)လွှာမှာ ကဏ္ဍအလိုက် အမျိုးသား၊ အမျိုးသမီးဦးရေမျှတစွာဖွဲ့စည်းနိုင်ရေး တို့ကိုဆွေးနွေးခဲ့ကြသလို  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လျှပ်စစ်မီးရရှိရေး၊ စည်ပင်သာယာနဲ့ လမ်းတံတားဆိုင်ရာတွေကို ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ကြပါတယ်” လို့ သူကဆိုပါတယ်။

ယခုလို မြို့မိမြို့ဖနဲ့ ဌာနဆိုင်ရာများ စည်းလုံးညီညွတ်မှုပြသခြင်းကို တွေ့မြင်ခဲ့ရတဲ့အတွက် ပေါက်ခေါင်းမြို့လေးဟာ မဝေးတော့တဲ့ အနာဂတ်မှာသာယာချမ်းမြေ့တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်သိမ်းက ပြောပါတယ်။ ဒုတိယအကြိမ်ကျင်းပတဲ့ ပေါက်ခေါင်းမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ပေါက်ခေါင်းမြို့က မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတာဝန်ရှိတွေနဲ့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်သိမ်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

#PAN