ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မြမဉ္ဇူလမ်း(၁)လမ်းတွင် ပိုင်ရှင် ဦးမျိုးမြင့်ထွန်း (၄၅)နှစ်၏ နေအိမ်တွင် ငှားရမ်းနေထိုင်သော အိမ်ငှား ဦးနေထွန်း၌ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် လူစောင့်မရှိဘဲ လျှပ်စစ်ဒယ်နီအိုးဖြင့် ဟင်းချက်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်သည် မီးသတ်ယာဉ် (၁၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၄ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ် အမိုးနှင့် အခင်း၊ လျှပ်စစ်ဝါယာကြိုးများ၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ငှား ဦးနေထွန်း(၈၅)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။