
(ပြည်တွင်း) ဇန်နဝါရီ ၂၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဖေဖော်ဝါရီအတွင်းကျင်းပမည့် ကျောက်မျက်ရတနာပြပွဲ 73 Bangkok Gems & Jewelry Fair (73 BGJF) တွင် မြန်မာနိုင်ငံမှပါဝင်ပြသမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ထံမှ သိရပါတယ်။
အဆိုပါပြပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) က ကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center (QSNCC)၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များသည် ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP)က ထောက်ပံ့သော ပြခန်း လေးခန်းနှင့် မိမိအစီအစဉ်ဖြင့် ပြခန်း သုံးခန်း စုစုပေါင်းပြခန်း ခုနစ်ခန်း ပါဝင်ပြသမှာဖြစ်ပါတယ်။
ပြပွဲများကို ထိုင်းနိုင်ငံ၌ နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင်ဘာတွင် ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံမှလည်း ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ စတဲ့ ကျောက်မျက်ရတနာပစ္စည်းများ ပါဝင်ပြသရောင်းချခြင်းဖြင့် မြန်မာ့ ကျောက်မျက်ရတနာများကို ပြည်ပနိုင်ငံများမှ ကုန်သည်များနှင့် ဝယ်ယူသူများသို့ မိတ်ဆက်ကာ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်စေရန် အရောင်းမြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပါတယ်။
73 Bangkok Gems & Jewelry Fair (73 BGJF) ပြပွဲ၌ ပါဝင်ပြသလိုသော မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။