အမေရိကန် မင်နီဆိုးတားပြည်နယ်သို့ လေထီးတပ်သား ၁,၅၀၀ ခန့် ဖြန့်ကြက်နေရာချထားမည်ဟု အစိုးရ အရာရှိဆို

(နိုင်ငံတကာ) ဇန်နဝါရီ ၁၉

အမေရိကန်စစ်တပ် အမှတ်(၁၁)လေထီးတပ်မမှ လေထီးတပ်သား ၁,၅၀၀ ခန့် တပ်လှန့်ထားပြီဖြစ်ရာ မင်နီဆိုးတားပြည်နယ်တွင် ဖြန့်ကြက်နေရာချထားခံနိုင်ရခြေရှိကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိ၏ ပြောဆို ချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက ဇန်နဝါရီလ ၁၇ ရက် ညပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ တာဝန်ထမ်းဆောင်နေသော စစ်သည်များသည် အမေရိကန်ကြည်းတပ် အမှတ်(၁၁)လေထီးတပ်မ၏ တပ်ရင်းနှစ်ခုမှဖြစ်ကြောင်း၊ ထိုတပ်မသည် အလက်စကာပြည်နယ်၌ အခြေစိုက်ပြီး အေးခဲသောရာသီတွင် စစ်ဆင်ရေး လုပ်ဆောင်ရန်ကျွမ်းကျင်ကြောင်း အမေရိကန် ABC သတင်းဌာနနှင့် The Washington Post စသည့် မီဒီယာများက အမည်မဖော်လိုသူ သတင်းအရင်းအမြစ် အရာရှိအချို့၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

အမေရိကန်ကြည်းတပ်က ဖြန့်ကြက်နေရာချထားရန် ပြင်ဆင်သည့်အမိန့်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါလုပ်ရပ် သည် မင်နီဆိုးတားပြည်နယ်၏ အကြမ်းဖက်မှု အဆင့်မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် သတိထားစိစစ်ရေး အစီအစဉ်ဟု ခေါ်ဆိုကြောင်း The Washington Post က သတင်းဖော်ပြထားသည်။

အမှတ်(၁၁)လေထီးတပ်မ၏ စစ်သည်များသည် လျင်မြန်စွာတုံ့ပြန်လှုပ်ရှားသော တပ်ဖွဲ့အနေဖြင့် အချိန်မရွေး အသင့်အနေအထားဖြစ်ရန် အားလပ်ရက်ကာလအတွင်း အခြေစိုက်စခန်းသို့ ပြန်လည်ခေါ်ယူခံရခြင်းဖြစ်သည်ဟု အမေရိကန် ABC သတင်းဌာန က သတင်းဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၇ ရက်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန(ICE) ဝန်ထမ်းများက မင်နီဆိုးတားပြည်နယ် အကြီးဆုံးမြို့ဖြစ်သော မင်နီယာပိုလစ်၌ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ များအား ဖမ်းဆီးသည့်လှုပ်ရှားမှု လုပ်ဆောင်စဉ်တွင် ယာဉ်မောင်းနှင်နေသည့် အသက် ၃၇ နှစ်အရွယ် အမေရိကန် အမျိုးသမီး Renee Nicole အား သေနတ်ဖြင့် သေဆုံးအောင်ပစ်ခတ်မှုသည် ဒေသတွင်း အခြေအနေတင်းမာမှုနှင့် အမေရိကန်နိုင်ငံတစ်ဝန်း လူထုသဘောထား၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံခဲ့ရသည်။

မင်နီယာပိုလစ်မြို့၌ ရက်ဆက်တိုက် ဆန္ဒပြလှုပ်ရှားမှုများကြောင့် ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။ မင်နီဆိုးတားပြည်နယ် အစိုးရအရာရှိက အဆိုပါပြည်နယ် အမျိုးသားအစောင့်တပ်များသည် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်က ကြေညာခဲ့သည်။