(နိုင်ငံတကာ) ဒီဇင်ဘာ ၁၉
ရုရှားနိုင်ငံမှကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းငြိမ်းချမ်းရေးကိစ္စဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရေး အတွက် အမေရိကန်နိုင်ငံသို့သွားမည်ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့ကို အကြီးတန်းညှိနှိုင်းဆွေးနွေးရေးမှူး ကီရေးဒီမီထရိ က ဦးဆောင်မည်ဖြစ်ပြီး ယခုသီတင်းပတ်အကုန်တွင် အမေရိကန်သမ္မတ၏အထူးကိုယ်စားလှယ် စတိဝစ်ကော့၊ ဒေါ်နယ်ထရမ့်၏သမက် ဂျဲရတ်ကုရှနာတို့နှင့် မိုင်ယာမီ မြို့၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်ဟု Politico နှင့် Axios သတင်းဌာနတို့က ဖော်ပြထားသည်။
အလားတူ စတိဝစ်ကော့နှင့်ဂျဲရတ်ကုရှနာတို့သည် ယခုသီတင်းပတ်တွင် ဂျာမနီနိုင်ငံ၌ ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ယူကရိန်းနိုင်ငံအတွက် ဖြစ်နိုင်ဖွယ်ရှိသော လုံခြုံရေးအာမခံချက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း အဆိုပါသတင်းဌာနများက ဆက်လက်ဖော်ပြထားသည်။
ထို့အတူ ယူကရိန်းနိုင်ငံမှ အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအတွင်းရေးမှူး ရက်စတန်အူမီရော့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကလည်း ယခုသီတင်းပတ်အကုန်ပိုင်းတွင် မိုင်ယာမီမြို့သို့သွားမည် ဖြစ် ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
#PAN