(ပြည်တွင်း) နိုဝင်ဘာ ၂၉
၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ၈ လတာအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၁ သိန်းခွဲ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် ၃ သိန်းခွဲခန့် တင်ပို့နိုင်ရန်လျာထားကာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရရှိခဲ့ပါတယ်။
ရာသီဥတုအခြေအနေအပြင် ရော်ဘာအစေးလှီးလုပ်သား ရှားပါးမှုများနဲ့ ရင်ဆိုင်နေခဲ့ရလို့ ရော်ဘာအထွက်နှုန်း မကောင်းနိုင်ကြောင်းနဲ့ လက်ရှိမှာ ကမ္ဘာ့ရော်ဘာပေါက်ဈေး ကျဆင်းနေတာကြောင့် မြန်မာ့ရော်ဘာပေါက်ဈေးလည်း ဈေးကောင်းရသင့်သလောက် မရကြောင်း သိရပါတယ်။
နှစ်စဉ် ပြည်တွင်းရော်ဘာသုံးစွဲမှုက တန်ချိန် ၂ သောင်းကျော်ရှိပြီး ပြည်ပသို့ တန်ချိန် ၃ သိန်းဝန်းကျင် တင်ပို့ လျက်ရှိပြီး ပြည်ပသို့တင်ပို့ရာမှာ တရုတ်နိုင်ငံကို ၇၅ ရာခိုင်နှုန်းတင်ပို့နေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှုကနေ တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာသန်း ၂၅၀ ကနေ သန်း ၄၅၀ အကြား ရရှိခဲ့ပါတယ်။
#PAN