(ပြည်တွင်း) နိုဝင်ဘာ ၂၃
တိုင်းပြည်နှင့် ဒေသအကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူများကို စဉ်းစားရွေးချယ်၍ဆန္ဒမဲပေးကြဖို့ နိုင်ငံတော်ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မအူပင်မြို့မှာရှိတဲ့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေကို ဒီနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တိုးရွှေဝါခန်းမမှာ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေဖြစ်ပွားခဲ့ပြီး ထိုအချိန်က တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့ အညီ ဖြေရှင်းဆောင်ရွက်မှုမရှိခဲ့တာကြောင့် မိမိတို့အနေနဒ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ေပြာပါတယ်။

ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးကြစေလိုပြီး နိုင်ငံတော်အနေနဲ့ ဆန္ဒမဲပေးခွင့်ရရှိရေးဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒပင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မိမိတို့အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေး
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလည်း ဥပဒေနဲ့ အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးတယ်လို့ ပြောပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနေ့မနက်ပိုင်းက မအူပင်မြို့မှာရှိတဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ဖွင့်လှစ်ခဲ့ပြီး ညနေပိုင်းမှာတော့ ဌာနဆိုင်ရာတွေ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
#PAN