(ပြည်တွင်း) နိုဝင်ဘာ ၁၅
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်းအတွင်းမှာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော်ရဲ့နောက်ဆုံးညအဖြစ် ပွဲတော်လာရောက်သူပေါင်း ၁၀ သိန်းနီးပါးနဲ့အဆုံးသတ်လိုက်ပါတယ်။

ပဲခူးမြို့ရဲ့တန်ဆောင်တိုင်ပွဲတော်မှာ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွေ စတုဒီတာကျွေးမွေးတာတွေအပြင် ညမီးကြီး စိန်နားပန်မီးပုံးပျံလွှတ်တင်တာတွေ မီးပဒေသာပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် (၁ဝ၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နဲ့ပါတိုက်ဆိုင်တာကြောင့် ပျော်ပွဲရွှင်ပွဲတွေကိုလည်း ထပ်တိုးကျင်းပခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

“ဒီလိုပွဲတော်တွေအရင်ကမရှိခဲ့ဘူး အခုဝန်ကြီးချုပ် လက်ထက်မှာတော့ တော်တော်လေးကိုစည်စည်ကားကား ကျင်းပလာတာတွေ့ရတယ်။ ဝန်ကြီးချုပ်ကလည်း ပဲခူးတိုင်းသားဖြစ်တော့ သူပိုလုပ်ပေးနိုင်တဲ့သဘောပါ။ တော်တယ်လို့ပဲမှတ်ချက်ပြုရမှာပဲ” လို့ ပွဲတော်ကိုလာရောက်လည်ပတ်တဲ့ စိန်းထွန်ရပ်ကွက်မှာနေထိုင်သူတစ်ဦးက PAN ကိုပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာကျင်းပပြုလုပ်တဲ့ နောက်ဆုံးညဖျော်ဖြေပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ဇနီး ဒေါ်စိုးစိုးသက်တို့လည်း တက်ရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှုကို နိုင်ငံကျော် အဆိုတော်/သရုပ်ဆောင်တွေနဲ့ တေးသံရှင်တွေ လာရောက် သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

#PAN