(ပြည်တွင်း) နိုဝင်ဘာ ၁၅
ယနေ့အချိန်မှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးအနေနဲ့ ဘာသာ၊ စာပေနဲ့ ပတ်သက်ပြီး ဆက်လက်ပုံဖော်ဆောင်ရွက်နေသလို နိုင်ငံတော်အစိုးရအနေနဲ့လည်း မြန်မာစာပေနဲ့ ကိုယ်ပိုင် ဘာသာစကားတွေကို ရှိပြီးသားထက် တိုးတက်မြင့်မားလာစေဖို့ ဘက်စုံထောင့်စုံက မြှင့်တင်ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော်ယာယီသမ္မတက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်မှာ ကျင်းပပြုလုပ်တဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟိုရဲ့ (၇၅)ကြိမ်မြောက် စိန်ရတု(၃၈)ဖြာမင်္ဂလာတရားတော်နဲ့ ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားမှာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်ယာယီသမ္မတနဲ့ အဖွဲ့ဝင်တွေဟာ ဗုဒ္ဓကလျာဏယုဝအသင်း မှတ်တမ်းဓာတ်ပုံပြခန်းကို ကြည့်ရှုကြပြီး (၇၅)ကြိမ်မြောက် စိန်ရတု(၃၈)ဖြာမင်္ဂလာတရားတော်နဲ့ ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဂါရဝပြု ဦးညွှတ်အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး ဆိုတဲ့အတိုင်း အသိပညာ၊ အတတ်ပညာတွေ ပြည့်ဝနေခြင်းဟာ မိမိတို့တစ်ဦးတစ်ယောက်ချင်းရဲ့ ဘဝတွေအတွက်သာမက ပညာတတ်တွေပြည့်ဝတဲ့ နိုင်ငံတော်တစ်ခုအတွက်လည်း ကမ္ဘာ့အလယ်မှာ ဝင့်ထည့်စေမှာဖြစ်တယ်လို့ ယာယီသမ္မတက အခမ်းအနားမိန့်ခွန်းမှာ ပြောပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတော်ရဲ့ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးနေတယ်လို့လည်း သူက ထည့်သွင်းပြောဆိုပါတယ်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး စတင်ပေါ်ပေါက်လာချိန်ကစလို့ ထားရှိခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ အညီ (၃၈)ဖြာမင်္ဂလာတရားတော်နဲ့ ဗုဒ္ဓဝင် စာမေးပွဲတွေကို ကျင်းပပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးကို ဆောင်ရွက်ခဲ့တာဟာ (၇၅)ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
#PAN