(မှုခင်း) နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ရွေကျင်မြို့နယ်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း လက်ကမကြေညာစာဆောင်လိုက်လံဝေငှနေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသမီးကို NLD ပါတီဝင်တစ်ဦးက ဓားနဲ့လိုက်လံခုတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးပါတီအမှုဆောင် အမျိုးသမီးတစ်ဦးမှ ပါတီ၏ရွေးကောက်ပွဲဆိုင်ရာလက်ကမ်းစာစောင်များအား လိုက်လံဖြန့်ဝေနေစဥ် NLDပါတီအားပေးထောက်ခံသူ ပါတီဝင်အမျိုးသားတစ်ဦးမှ ဓားမဖြင့်လိုက်လံ၍ ခုတ်ခဲ့မှုဖြစ်ပွားခဲ့သည်။
“သူက ရွာထဲမှာ ကိုယ်စားလှယ်လောင်းတွေစည်းရုံးရေးလာမှာကိုလာနားထောင်ဖို့ကို လက်ကမ်းစာစောင်တွေ လိုက်ဝေပြီး ဖိတ်ကြားတဲ့နေရာမှာဖြစ်သွားတာပါ” လို့ အနောက်ဘက်ကျေးရွာခံတစ်ဦးက PAN ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ရက်နေ့ နံနက်ပိုင်းက ရွေကျင်မြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ ရွေကျင်မြို့နယ် ပြည်ခိုင့်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ ဦးဇော်ဝင်း(တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးကျော်တိုး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးလှထွန်း(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)တို့ဦးဆောင်ကာ ရွေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာရှိ ဦးနိုင်ဦး နေအိမ်မှာ မဲဆွယ်စည်းရုံးဆောင်ရွက်ရာမှာ ကျေးရွာအတွင်းရှိပြည်သူတွေကို အဆိုပါဟောပြောပွဲကို တက်ရောက်ဖို့အတွက် ပါတီဝင် ဒေါ်အမာ ဆိုသူကလိုက်လံဖိတ်ကြားရာကနေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အမာဟာ အဲဒီနေ့ မနက် နံနက် ၁ဝ နာရီကျော်ခန့်က ကိုယ်စားလှယ်လောင်းတွေရဲ့ တာဝန်ပေးချက်အရ သူ့ရဲ့ကျေးရွာအတွင်း တစ်အိမ်တက်ဆင်းလိုက်လံကာ ခြံတွေရဲ့ပြင်ပကနေ ဖိတ်ကြားမှုတွေဆောင်ရွက်ခဲ့သလို ပါတီရဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေကိုဆောင်ရွက်ခဲ့တာလို့ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ခုလိုလုပ်ဆောင်ပြီး ဟောပြောပွဲကျင်းပရာနေအိမ်ကို ဒေါ်အမာစိန် ပြန်လာစဉ် မဲဆွယ်စည်းရုံးဟောပြောပွဲပြုလုပ်နေတဲ့ ဦးနိုင်ဦး နေအိမ်ရဲ့ အနောက်တောင်ဘက်ရှိ လမ်းမကြီးပေါ်အရောက်မှာ ဒေါ်အမာစိန်ကို တစ်ရွာတည်းနေထိုင်သူ NLDပါတီဝင်ဖြစ်သူ ဝင်းဦး(ခ)ဘက်ဟိုး(၄၂)နှစ်၊ (ဘ) ဦးရွှေသိန်းက မဲဆွယ်စည်းရုံးဟောပြောပွဲကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ ဟန့်တားနှောင့်ယှက်တဲ့ သဘောနဲ့ အရိုး(၅)လက်မခွဲခန့်၊ အသွား(၉) လက်ခွဲခန့်ရှိတဲ့ ဗျက်(ဓားဦးပိုင်း) (၂)လက်မခွဲခန့်၊ (အရင်းပိုင်း)(၁)လက်မခန့်ရှိ ဝါးရိုး တပ်ဓားမနဲ့ အနောက်ကနေ (၂)ကြိမ်ခုတ်ခဲ့တာလို့ သိရပါတယ်။
ဒေါ်အမာစိန်ဟာ ဓားနဲ့ခုတ်သံကို ကြားလိုက်တာကြောင့် လှည့်ကြည့်တိမ်းရှောင်ခဲ့နိုင်ခဲ့ပြီး နောက် (၁)ကြိမ်ထပ်မံခုတ်ချိန်မှာ တိမ်းရှောင်ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို နောက်ကျောဘက်ကနေ ဓားနဲ့ခုတ်ခံရတာကြောင့် အဆိုပါအမျိုးသမီးဝတ်ဆင်ထားတဲ့ အင်္ကျီရဲ့ ယာဘက်လက်ပြင် အရေပြားပေါ်မှာ (၁)လက်မခန့်ပွန်းခြစ်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရာမှာ လိုက်ပါစောင့်ကြပ်နေတဲံ လုံခြုံရေးအဖွဲ့တွေက အခင်းဖြစ်ရပ်ကိုစစ်ဆေးပြီး တရားခံကို လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံဓါးနဲ့ အတူ ရွှေကျင်ချောင်းဘေးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များတွေရဲ့ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို ပျက်ပြားစေအောင် ရည်ရွယ်ချက်နဲ့ ဟန့်တား နှောင့်ယှက်ခဲ့တဲ့ ဝင်းဦး(ခ)ဘက်ဟိုးကို နိုဝင်ဘာလ ၁၄ရက်နေ့ ညနေ ၅နာရီအချိန်မှာ ရွေကျင်မြို့မရဲစခန်းက (ပ)၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့်ဖမ်းဆီး အရေးယူစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။
#PAN