(ပြည်တွင်း) နိုဝင်ဘာ ၁၄
နိုင်ငံနဲ့ ပြည်သူအားလုံးအတွက် ကောင်းကျိုးဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဟာ အဓိကကြသလို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကနဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ပေးသွားကြရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါကဏ္ဍတွေမှာလိုအပ်တဲ့ လူသားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် ကျောင်းသားလူငယ်တွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားလေ့ကျင့် ပေးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အလယ်တန်းပညာ ပြီးမြောက်ပြီးသူတွေကို စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာတွေ သင်ယူတတ်မြောက်နိုင်မယ့် အခွင့်အလမ်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်ဖို့ အခြေခံပညာနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွေကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနေတယ်လို့လည်း ဆိုပါတယ်။
ယနေ့ကာလဟာ မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အရေးကြီးတဲ့အချိန်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို မကြာမီ စတင်ကျင်းပတော့မှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်လို့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။
#PAN