အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက် ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရတားမြစ် အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကိုဖွဲ့စည်

(ပြည်တွင်း) နိုဝင်ဘာ ၁၂

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာအမှတ်(၆၅/၂၀၂၅)ဖြင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက် ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သြဂုတ်လ ၁၄ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါကော်မတီကို အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိတဲ့ မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေး ကိစ္စများတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက် ပြောဆိုခြင်းများကို ဥပဒေကြောင်းအရတားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန် ကြီးကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ် ပါတယ်။

ကော်မတီက အထက်ပါဖြစ်စဥ်များဖြစ်ပွားမှုမရှိစေရန် နည်းပညာကျွမ်းကျင်တဲ့ ပညာရှင်များပါဝင်သော အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်ဖော်ထုတ်ကာ တားမြစ်ခြင်း၊ ကျူးလွန်သူများကို တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေး ယူနိုင်ရေးဆောင်ရွက်ခြင်း၊ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှား ဖော်ပြနေမှု များအတွက် အဖွဲ့ဖွဲ့စည်းပြီး တန်ပြန်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျူးလွန်သူများအသုံးပြုလျက်ရှိသော ဖုန်းနံပါတ်များကို ပိတ်သိမ်းနိုင်ရေး၊ ငွေရေးကြေးရေး ကိစ္စများအတွက် ၎င်းတို့အသုံးပြုလျက်ရှိသော ဘဏ်အကောင့်များ၏ အချက်အလက်များ၊ ငွေသွင်း၊ ငွေထုတ် မှတ်တမ်းများရယူခြင်းနှင့် ဘဏ်အကောင့်များ ယာယီတားဆီးခြင်း ပြုလုပ်နိုင်ရေးအတွက် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကျူးလွန်မှုများအပေါ် သက်ဆိုင်ရာဌာန/အဖွဲ့အစည်း များက တားမြစ်ပေးနိုင်ရေးတို့အတွက် ကန့်ကွက်စာ၊ အကြောင်းကြားစာများပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျူးလွန်သူများကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းမှ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရေးအကြောင်းကြားခြင်း၊ ယင်းဖြစ်စဉ်များပြုလုပ် ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရ နိုင်ကြောင်းကို ပြည်သူများသိရှိစေရေး အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခြင်း၊ လိုအပ်သည့် လုပ်ငန်းကော်မတီများ၊ အဖွဲ့များဖွဲ့စည်းခြင်းတို့ကိုလည်း ပြုလုပ်ရမှာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထား ပါတယ်။

PAN