(မှုခင်း) နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်တစ်ချို့မှာ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်တဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်စီးခံနေရတယ်။
ကျောက်တန်းမြို့နယ် တံတားမြို့ အမှတ် ( ၁ ၊ ၂ ၊ ၃ ၊ ၄ ) ရပ်ကွက်တွေမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်က စိုက်ထူခဲ့တဲ့ဆိုင်းဘုတ်တွေထဲက ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သီဟ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးမင်းမိုး(FPTP)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦမျိုးမြင့်(PR) တို့ရဲ့ ပုံတွေပါတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်စီးခံခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။
တံတားမြို့မလမ်းနဲ့ အနော်ရထာလမ်းထောင့် တံတားမြို့မစျေးအနီး တံတားမြို့အမှတ် (၄)ရပ်ကွက်မှာထောင်ထားတဲ့ အလျား ၁၀ ပေ အနံ ၇ ပေ ရှိတဲ့ ဗီနိုင်းပိုစတာဆိုင်းဘုတ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၅ နာရီခွဲမှာ ဆိုင်းဘုတ်ရဲ့ အောက်ဘက်ပိုင်းအနံ ၂ပေ၆ လက္မခန့်အလျား ၈ပေခန့် ဖျက်စီးခံခဲ့ရတာလို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီနဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
လွှတ်တော်ကိုယ်စားလောင်းတွေရဲ့ပုံပါ ပါဗီနိုင်းဆိုင်းဘုတ်တွေဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး တံတားမြို့ နယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်တိုင်ကြားထားပြီး တံတားမြို့နယ်မြေရဲစခန်းက ပ/ ၇/ ၂၀၂၅ နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို၊ အမှတ် (၂)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းဘေးတွင် စိုက်ထူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဘားအံမြို့နယ်မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ မဲဆွယ် ဗီနိုင်းဆိုင်းဘုတ် ဆုတ်ဖြဲဖျက်ဆီးခံခဲ့ရပြီး ကျူးလွန်သူ အမျိုးသား နှစ်ဦးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ အမှုဖွင့် ဖမ်းဆီးပြီး ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နိုဝင်ဘာ ၅ ရက်နေ့က မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ စိုက်ထူထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းနဲ့ ရုပ်ပုံတွေပါရှိတဲ့ ဗီနိုင်းဆိုင်းဘုတ်ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးခဲ့သူကိုဖမ်းဆီးရမိပြီး ချောင်းဆုံမြိုမရဲစခန်းမှာ (ပ)၁၂၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၆(က)/၂၄(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။