လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူတစ်ဦး ဖမ်းဆီးခံရ

(မှုခင်း) နိုဝင်ဘာ ၁၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး၌ စိုက်ထူထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သူတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး၌ စိုက်ထူထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းဆိုင်းဘုတ်အား နိုဝင်ဘာ ၅ ရက်နေ့က အဆိုပါကျေးရွာနေ ကျော်မြင့်၊ ၆၅ နှစ်ဆိုသူမှ ဖျတ်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမည်စာရင်းဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူ ကျော်မြင့် အား ချောင်းဆုံမြို့မရဲစခန်း (ပ)၁၂၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၆(က)/၂၄(က) ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး ထိရောက် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN