အကြမ်းဖက်အဖွဲ့တွေငွေကြေးကောက်ခံနေတဲ့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်က တရားမဝင်ကုန်သွယ်ရေးဂိတ်တွေနဲ့ အဆောက်အအုံတွေကို ရှင်းလင်း

(ပြည်တွင်း) နိုဝင်ဘာ ၁၀

ပြည်ပက တရားမဝင်ပစ္စည်းတွေ တင်သွင်းသိုလှောင်ဖြန့်ဖြူးနေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်က အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက ငွေကြေးတွေကောက်ခံနေတဲ့ တရားမဝင်ဂိတ်တွေကို ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သောင်ရင်းမြစ်ကမ်းတစ်လျှောက်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နေပြီး နယ်စပ်မြစ်ကမ်းတစ်လျှောက်က ကုန်သွယ်ရေးဂိတ်တွေနဲ့ ကုန်ပစ္စည်းတွေ သိုလှောင်ဖြန့်ဖြူးတဲ့ အဆောက်အအုံတွေကို လုံခြုံရေးအဖွဲ့တွေနဲ့ ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဝင်တွေကရှင်းလင်းနေတာလို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက စက်၊ ယာဉ်၊ ယန္တရားတွေနဲ့အတူ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရှိ ၃၅ ဂိတ် ဒေသအခေါ် အောင်ပါဝါဂိတ်-၂ ကို သွားရောက်စစ်ဆေးပြီး အလျားပေ ၁၂၀၊ အနံပေ ၆၀၊ အမြင့် ၂၅ ပေရှိ သံဖရိန်၊ အုတ်တက်၊ သွပ်မိုးသွပ်ကာ ပစ္စည်းသိုလှောင်ရုံတွေကိုရှင်းလင်းခဲ့တာလို့လည်း မြို့ခံတွေနဲ့ အစိုးရပိုင်းသတင်းဌာနတွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလိုရှင်းလင်းတဲ့နေရာမှာ နာမည်ကျော် ၉၉၉ ဂိတ်လည်း ပါဝင်နေတယ်လို့သိရပြီး ၁၉ ဂိတ်၊ ကျောက်ဖျာဂိတ်၊ ကပေါ်ထူးဂိတ်၊ ၁၄ ဂိတ်၊ ၈ ဂိတ်/ ၈ ဂိတ်ခွဲ၊ ၉ ဂိတ် ဒေသအခေါ် အောင်ပါဝါဂိတ်၊ ၁၈ ဂိတ် ဒေသအခေါ် နေစိုးမြဂိတ်၊ ၁၃ ဂိတ်၊ သုညဂိတ်နဲ့ ၁၀ ခွဲဂိတ် တို့လည်းလည်းပါဝင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်က စပြီး မြဝတီမြို့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်က တရားမဝင်ဖွင့်လှစ်ကာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ် ၃၀ ကိုဖယ်ရှားနေတာဖြစ်ပြီး ကုန်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်‌‌တွေ၊ လှေဆိပ်ကင်းတဲနဲ့ လှေဆိပ်အစောင့်တဲတွေ၊ လှေဆိပ်အဆင်း အုတ်လှေကား‌တွေ ကုန်တင်ကုန်ချ လျှောလမ်းတွေကို စစ်ဆေးဖျက်ဆီးရှင်းလင်းတာလို့လည်း သိရပါတယ်။

ဖယ်ရှားရှင်းလင်း ရေးအဖွဲ့ဝင်တွေက ထပ်မံပြီး ကင်းစခန်း(၂)၊ (၁၂)ဂိတ် ကင်းစခန်း(၃)၊ (၁၄) ဂိတ် ကင်းစခန်း (၁) နဲ့ Grand Myawaddy ဂိတ် ကင်းစခန်း(၅) တို့ကို သွားရောက်စစ်ဆေး ရှင်းလင်းခဲ့ကြတဲ့အပြင် ဂိတ်စခန်းအဖြစ်က ဖျက်သိမ်းထားတဲ့ သဖန်းပင်ဂိတ်၊ သဲပုံဂိတ်၊ ကျောက်တန်းဂိတ်နဲ့ မာမီဂိတ်တွေကိုလည်း စစ်ဆေးရှင်းလင်းဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

မြဝတီဒေသခံတစ်ဦးရဲ့အဆိုအရ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တရားဝင်ကုန်သွယ်ရေးဇုန်တွေကနေ ကုန်ပစ္စည်းတွေကို မတင်သွင်းဘဲ၊ တရားမဝင်ဂိတ်တွေကနေ ငွေကြေးရယူပြီး မြန်မာနိုင်ငံထဲကို ကုန်ပစ္စည်းတွေကို တင်သွင်းနေတာဖြစ်လို့ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ အများကြီး နစ်နာဆုံးရှုံးကြောင့်လို့ သိရပါတယ်။