မြင်ကွင်းသစ်အတွက် Big Clash, Big Blow

(ဆောင်းပါးကဏ္ဍ) နိုဝင်ဘာ ၁၁
နေဇင်လတ်

      ၂ဝ၂၆ မှာတော့ ကြီးကြီးမားမား ထိပ်ကိုက်တွေ့စရာ ပဋိပက္ခတွေရောပြွမ်းမယ့်နှစ်တစ်နှစ်လို့ အဲ့ဒီအတွက် အဆုံးအဖြတ်ဖြစ်စေအောင် ခန့်မှန်းမိပါတယ်။ ၂ဝ၂၅ မှာ ဖြစ်စဉ်လက္ခဏာတွေ စုပြုံဖြစ်လာတာ တွေ့ရတယ်။ ပဋိပက္ခကို ဖန်တီးရဲတဲ့ သူလည်းရှိရမှာဖြစ်လို့ အမေရိကန်မှာ လက်ရဲ ဇက်ရဲလုပ်တတ်သူလို့ နာမည်ကြီးတဲ့ Donald Trump ကလည်းသမ္မတဖြစ်လာခဲ့ရပါပြီးသူ့ “ဇ”ကို ပထမသမ္မတသက်တမ်း ၂ဝ၁၆ -၂ဝ၂ဝ မှာ ပြခဲ့ပြီးပါပြီ။ ထိပ်တန်းအရာရှိကြီးများ အများဆုံးအရေအတွက်ကို အိမ်ဖြူတော်ကနေ ထိုင်ပြီးသွေးအေးအေးနဲ့ထုတ်ပယ်ခဲ့သူပါ။ ဒါတင်မဟုတ်ပါဘူး။ သမ္မတအဆက်ဆက်ပြိုင်ဘက် တရုတ်ကိုထိပ်တိုက်မတွေ့ကြပဲ ရှောင်သွားတဲ့အထဲမှာ တရုတ်နဲ့ထိပ်တိုက်တွေ့ခဲ့သော ခေတ်သစ်သမ္မတတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

သမိုင်းပေးတာဝန်လား အတ္တလား

    ဗြိတိသျှခေတ်ကို တိတိကျကျပြောရရင် ၁၉၄၁ ခုနှစ်မှာစကျော်ပြီး အမေရိကန် ခေတ်ရယ်လို့ဖြစ်လာတယ်။ ရှေ့ပိုင်းမှာ US vs UK ဟာ တစ်ပြန်တစ်လှည့် တစ်ကြိမ်ကျော်လိုက်၊ အကျော်ခံရလိုက်နဲ့ ဖြစ်ပါသေးတယ်။ ၁၉၄၁ နောက်ပိုင်း UK က တဖြည်းဖြည်းကျသွားပြီးကိုလိုနီနိုင်ငံများစွာကို လွတ်လပ်ရေးပေးခဲ့ရပြီး သူ့ခေတ်နိဂုံးချုပ်သွားခဲ့ ရတယ်။ US ကိုယ် တိုင် UK ဆီက လွတ်လပ်ရေးရခဲ့တာပါ။ UK ခေတ်ဟာ ပညာရှင်တွေ ခန့်မှန်းချက်အရ နှစ်ပေါင်း ၂ဝဝ လောက်ကြာခဲ့တယ်လို့သတ်မှတ်ကြတယ်။ USက သူ့ခေတ်ကိုနှစ် ၄၀ဝ လောက် အနည်းဆုံးကြာရှည်ရမယ်ဆိုပြီးကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ် ၈၀ အကြာမှာတော့ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့တွေ့ကြုံရပါတော့တယ်။

    နှစ် ၄၀ဝ ကြာအင်ပါယာခေတ်ဖြစ်စေရမယ်လို့ ကြွေးကြော်ခဲ့တဲ့ အမေရိကန်ဟာ စစ်ရေးမှာ ဘယ်သူကမှမော်ကြည့်လို့မရဲအောင်တည် ဆောက်ထားတယ်။ Land, Sea, Air um Missile မျက်နှာစာတွေမှာပါ All time, all round superiority ဆိုတဲ့ အချိန်တိုင်း၊ မျက် နှာစာတိုင်းမှာအကဲသာရေးစီစဉ်တည် ဆောက်နိုင်ခဲ့တယ်။ ဘယ်လောက်အထိ အဲ့ဒီအချိန်က အကြီး အကျယ်ပြင်ဆင်ခဲ့သလဲဆိုရင် တစ်နိုင်ငံတည်းနဲ့ စစ်ပွဲကြီးနှစ်ပွဲကို တစ်ပြိုင်နက်တည်းဆင်နွဲနိုင်အောင် အင်အားဖြည့်တင်းခဲ့တာမျိုးပါ။ ကမ္ဘာအရပ်ရပ်ကိုတပ်တွေ၊ လေယာဉ်အုပ်ကြီးတွေ ပို့နိုင်အောင် လေယာဉ်တင်သင်္ဘောကြီးတွေ တည်ဆောက်ခဲ့တယ်။ ဒီနေ့အထိလည်း ကမ္ဘာမှာလေယာဉ်တင် သင်္ဘောအများဆုံးအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

    စီးပွားရေးဘက်မှာလဲ ကမ္ဘာ့စက်ရုံကြီးသရဖူကို UK ဆီက လွှဲယူလိုက်ပြီး ကမ္ဘာ့ထုတ်ကုန်စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းကို အမေရိကန်တစ်နိုင်ငံတည်းက ထုတ်ပေးရတဲ့အဆင့်ထိကြီးကျယ်ခဲ့တယ်။ ကမ္ဘာ့မော်တော်ကား လောကကြီး တစ်ခုလုံးကိုလည်း အမေရိကန်တွေရဲ့ GM, Ford, Chrysler မော်တော်ကားကုမ္ပဏီကြီးတွေကပဲ ထိန်းချုပ်ခဲ့တယ်။ ကြီးသုံးကြီးလို့တောင် ပြော စမှတ်ပြုရတဲ့အထိပါပဲ။

    အနိစ္စဆိုတာ အမြဲမရှိပါ။
    ပြာပုံထဲကရုရှားနိုးထလာခဲ့ပါတယ်။ ဆန် ပြုတ်တစ်ခွက်သုံးယောက်မျှတသောက်သုံးရာကနေ တရုတ်တွေ ချမ်းသာလာကြတယ်။ အမေရိကန်အတွက် ပြဿနာက ရုရှားနဲ့ တရုတ်တို့က ပြိုင်တူအားကြီးလာပြီး ပြိုင်တူစိန်ခေါ်လာခဲ့ကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခါ ရုရှားက စစ်ရေးဘက်မှာ အားကြီးပြီး ခြိမ်း ခြောက်လာတဲ့အဆင့်နဲ့ တရုတ်က စီးပွားရေးဘက်မှာ ပခုံးပုတ်နိုင်တဲ့အဆင့်အဖြစ် မတူကွဲပြားတဲ့ မျက်နှာ စာနှစ်ဖက်ကနေ စိန်ခေါ်ခဲ့တာက အမေရိကန်ထီးနန်းကို ငလျင်လှုပ်ခတ်သွားနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။

    ထောင်ထားခြားနားသူရှိလာပြီဆိုတော့ အမေရိကန်အနေနဲ့ထွက်ပြီး နှိမ်နင်းရမှာက သမိုင်းပေးတာဝန်ဖြစ်လာရပါတော့တယ်။ ထရမ့်ပထမသမ္မတသက်တမ်းမှာ ရုရှားရဲ့ဟိုက်ပါဆောနစ်တွေက အမေရိကန်ကို ကျော်လွန်သွားပြီလို့ ပင်တဂွန်က စစ်ဗိုလ်ချုပ်ကြီးတွေသတင်းပို့လာတယ်။ အဲ့ဒီအချိန်မှာ ထရမ့်ကတရုတ်နဲ့ ကုန်သွယ်ရေး ထိပ်တိုက်တွေ့နေချိန်မို့စစ်ရေးဘက်ကိုမလှည့်နိုင်ခဲ့သေးပါဘူး။

    Biden လက်ထက်ကျတော့ အမေရိကန်က ရုရှားကို သူနဲ့တိုက်ရိုက် ထိပ်တိုက်မတွေ့ဘဲ ယူကရိမ်းစစ်ကို ဖန်တီးပြီး ရုရှားစစ်အင်အားကို ချေမှုန်း လိုက်တာ တွေ့ရတယ်။

    အမေရိကန်တွေ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်လို့တော့ ပြောရပါလိမ့်မယ်။

မဟာဗျူဟာအမှားရဲ့ဒဏ်

    NATO ၃၂ နိုင်ငံကိုအမေရိကန်က ဦးဆောင်ပြီး ရုရှားကို စစ်နွံနစ်ဖို့ကြိုးစားလိုက်တယ်။ စစ်မီးမကျယ်ပြန့်အောင် ယူကရိမ်းနိုင်ငံထဲမှာပဲဖန်တီးခဲ့တယ်။ တစ်ဖက်ရဲ့စစ်စရိတ်ကို ချမ်းသာတဲ့ အမေရိကန်အပါအဝင် နိုင်ငံ ၃၂ နိုင်ငံက အချိုးကျအကုန်အကျခံ၊ စစ်ကို အခြားတစ်ဖက်မှာက ရုရှားတစ်နိုင်ငံတည်းက အကုန်အကျဖြစ်လာရင် သာမန်အားဖြင့်မခံနိုင်ဘူး။ စစ်စရိတ်ထောင်းပြီး ရုရှားပြိုကွဲသွားမယ်လို့ ကြိမ်းသေတွက်ခဲ့ကြတယ်။ အမှန်တကယ်လည်း ပုံဖော်တဲ့အတိုင်းသာဖြစ်ခဲ့ရင် တစ်နှစ်အတွင်း ပူတင်ထွက်ပြေးရဖို့ဖြစ်သွားနိုင်ပါတယ်။

    ဒီနေရာမှာ “ပါးနပ်” တာက တရုတ်ဖြစ်ပါတယ်။ ထင်းစည်းလို တစ်ချောင်းချင်းအချိုးခံရရင် လွယ်လွယ်ကျိုးမှာကိုသိတဲ့ တရုတ်က ရုရှားကိုနောက်က အကူအညီပေးပါတော့တယ်။ ရုရှားရှုံးရင် နောက်ပစ်မှတ်က တရုတ်ဆိုတာ သိနေတယ်လေ။ တရုတ်က ထရမ့်ထက် ပိုပြီးလက်ရဲ ဇက်ရဲရှိတဲ့ မြောက်ကိုရီးယားကိုပါ တစ်ပါတည်း ထင်းစည်းဖြစ်စေလိုက်တယ်။ အီရန်ကလည်း ရုရှား၊ တရုတ်တို့ ကျဆုံးရင်သူ့ကို ကြက် ကလေး၊ ငှက်ကလေးလို အဖမ်းခံရမှာကိုသိတော့ “ခုခံသူများ၀င်ရိုးတန်း”မှာ ပါဝင်လိုက်တယ်။

    ရုရှားတိုးတက်လာခဲ့ရင် အနောက်အုပ်စုရန်ရှာမှာကိုသိတဲ့ ပူတင်က ရေနံတွင်တွင်ထုတ်၊ တွင် တွင်ရောင်း၊ ဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့သွယ်ပြီး အနောက်အုပ်စုဆီကို ဖြန့်ကြက်ရောင်းချတဲ့ မဟာဗျူဟာကို ကြိုတင်ပြီး နှစ်များစွာ ကတည်းက ခင်းကျင်းထားခဲ့တယ်။

    စစ်ဖြစ်တဲ့အခါကျတော့ စွမ်းအင်တွေ ဈေးတက်တယ်။ စစ်စရိတ်ဖြစ်လာပြီး စစ်ကိုသုံးနှစ်ကျော်အထိ ဆက်တိုက်နိုင်သွားတယ်။ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တွေကပါ ပါဝင်လာတဲ့အတွက် အနောက်အုပ်စုရဲ့ ဆန့်ကျင်ဘက်တွေ စုစည်းမိသွားကြပြီး ဘိုင်ဒင်ရော၊ NATO ရော ထင်သလိုဖြစ်မလာခဲ့တော့ပါဘူး။

    ဒီလိုနဲ့ Biden သမ္မတသက်တမ်းလေးနှစ်ကုန်ပြီး ၂၀၂၅ မှာ Trump ရဲ့ တစ်ကျော့ပြန် သမ္မတသက်တမ်းထဲ ရောက်လာပါတော့တယ်။ ဘာသင်ခန်းစာ ရလိုက်သလဲဆိုရင်
• ရန်သူကို အင်အားကြီးခွင့်ပေးလိုက်ရပြီး ရင်ဆိုင်ဖြေရှင်းမှု နောက်ကျသွားခြင်း၊
• မဟာ ဗျူဟာရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကုန်စင် အောင် မတွက်ချက်နိုင်ခြင်း၊

     အဲ့ဒီ အမှားနှစ်ချက်က အမေရိကန်ခေတ် အပြောင်း အလဲအတွက် ရာဇပလ္လင်ကို ကိုင်လှုပ်ပါတော့တယ်။

    ထရမ့်သမ္မတလက်ထက်ရောက်လာခဲ့ပါပြီ။
• ဘာဆက်လုပ်မလဲ
• ထိုင်ကြည့်နေမလား
• စစ်ထွက်တိုက်မလား
• ကျချိန်တန်ပြီလား
• ထပ်ဆင့်မှား ဗျူဟာလား

     သဘောတရား၊ မူဝါဒပိုင်ဆိုင်တဲ့ Doctrine ပိုင်းမှာတော့ မှန်ကန်ပါတယ်။ ဒါပေမဲ့ အကောင် အထည်ဖော်တဲ့ Strategy ဆိုတဲ့ မဟာဗျူဟာပိုင်းမှာထပ်ဆင့်မှားတယ်လို့ ဆိုရလိမ့်မယ်။ ရန်သူရဲ့ အင်အားနဲ့ အခြေ အနေမှန်သမျှကို သေသေ ချာချာ မတွက်ချက်ခြင်းက ထပ်ဆင့်မှားမယ့် မဟာဗျူဟာကို ချမှတ်စေလိုက်တယ်လို့ ဆိုရလိမ့်မယ်။

    သဘောတရားရေးရာတိုင်းမှာ မှန်တယ်လို့ ဆိုနိုင်တဲ့အကြောင်းရှိတယ်။ ယူကရိမ်းစစ်ကိုရပ်ပြီး တရုတ်ကိုထိပ်တိုက်တွေ့မယ့်အယူအဆကိုမှားတယ်လို့ဆိုလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ စီးပွားရေးအလျင် အမြန် အင်အားကြီးလာပြီး စစ်ရေးကိုပါတိုးချဲ့လာနိုင်တာ တွေ့ရတယ်။ ပထမပိုင်းမှာ ရုရှားကသာ စစ်ရေးအင်အားကြီးခဲ့တာဖြစ်ပြီး တရုတ်က စီးပွားရေးဘက်မှာသာ အင်အားကြီးခဲ့တာပါ။ စီးပွားရေးတောင့်တင်းလာတဲ့ တရုတ်ဟာ နောက်ဆုံးထိပ်တိုက်တွေ့ကြတဲ့ ပွဲတွေမှာ စစ်ကိုမရှောင်နိုင်ဘူးဆိုရင် အခက်တွေ့နိုင်တဲ့အချက်ကို ထည့်သွင်းစဉ်းစားပြီးစစ်ရေးကို အလျင် အမြန်တိုးချဲ့လာနိုင်တာ တွေ့ရတယ်။ ထရမ့်လေးနှစ်၊ ဘိုင်ဒင်လေးနှစ် စုစုပေါင်း ရှစ်နှစ်အတွင်းမှာ တရုတ်ဟာ စစ်ရေးနည်းပညာသစ်တွေနဲ့လက်နက်သစ်တွေကို အများအပြားတီထွင်လာနိုင်တာတွေ့ရတယ်။

    ထရမ့်က ငွေသွင်းပြီး ဘာမှထူးခြားမလာတဲ့ ယူက ရိမ်းစစ်ကိုရပ်ပြီး တရုတ်ကို နှစ်ယောက်ချင်းစီးချင်းထိုးချင်ဟန်ရှိတယ်။ ဒါပေမဲ့ ကံတရားက ထရမ့်ကိုမျက်နှာသာ မပေးခဲ့ပါဘူး၊ ယူကရိမ်းစစ်မပြီးနိုင်သေးပါ ။ အမေရိကန်အနေနဲ့လည်း ယူကရိမ်းစစ်ကိုလွှတ်ချဖို့ လုံးဝမရပြန်ဘူး။ တစ်ဖက်မှာလည်း အကြွေးတွေကတရိပ်ရိပ်တက်လာပြီး အခုစာရေးချိန်အထိ အမေရိကန်ရဲ့အရပ်ရပ်အကြွေး $ 38 Trillion အထိမြင့်တက်သွားခဲ့ပါပြီ။ ကြာရင် အကြွေးမှာတင်ရေတိမ်နစ်မယ့် သဘောရှိပါတယ်။ အကြွေးမတက်အောင် ထရမ့်က ပြည်ပကိုတာဝန်ယူ၊ Elon Musk ကပြည်တွင်းတာဝန်ယူပြီး DOGE အဖွဲ့နဲ့ ကုန်ကျငွေလျှော့ချရေးစစ်ဆင်ရေးကို လုပ်ပါတော့တယ်။

    အထိုက်အလျောက်အောင်မြင်ပေမယ့် မှန်မှန်မြင့်မားလာတဲ့ ဘတ်ဂျက်ကို ထိထိရောက်ရောက် လျှော့မချနိုင်ခဲ့ပြန်ပါဘူး။ ဒါကြောင့်လည်း အောက်တိုဘာ ၂၅ ရက်လဆန်းပိုင်းကနေပြီး Government Sutdownဖြစ်သွားရတာပါ။

    ပြည်ပပိုင်းကို တာဝန်ယူခဲ့ရတဲ့ Trump အနေနဲ့ ကုန် သွယ်ရေးလိုငွေကို ဖြတ်တောက်လျှော့ချနိုင်ဖို့ Trail ဆိုတဲ့ အကောက်ခွန်နှုန်းထားမြှင့်တင်ခြင်းကို လက်နက်အဖြစ် “အရေးပေါ် ” သုံးစွဲလိုက်ပါတော့တယ်။ ဒီမဟာဗျူဟာ ဟာ ရေတိုမှာ မှန်ကန်ချင်သလိုလိုရှိပေမယ့် ရေရှည်မှာ မှားယွင်းတဲ့ဒဏ်ကို အမေရိကန်တွေ ထပ်ပြီး ခံစားကြရဦးမှာပါ။

    အမှန်တကယ်ဖြစ်သင့်တဲ့ မဟာဗျူဟာက National Competitiveness ဆိုတဲ့ အမျိုးသားယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကိုသာ မြှင့်တင်ရမှာဖြစ်ပြီး ရေရှည်အသာစီးရမယ့်ဗျူဟာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုလံဘီယာ တက္ကသိုလ်က ပါမောက္ခ Jeflrey Sacs က အမေရိကန်ဟာ Poker ကစားနည်းကို သုံးတယ်။ အင်အားနဲ့ ခြောက်တယ်။ လှန့်တယ်။အကြောင်း မသိသူတွေ၊ အင်အားနည်းပါးသူတွေက ကြောက်လိမ့်မယ်။ အကြောင်းသိသူတွေ၊ အင်အားကြီးသူတွေက ကြောက်မှာလန့်မှာ မဟုတ်ဘူး။ သူတို့ကအမေရိကန်ကိုထိပ်တိုက် နောက်မဆုတ်တမ်း တွေ့ကြရင် အမေရိကန် အခက်တွေ့လိမ့်မယ်လို့ ဝေဖန်ခဲ့ဖူးတယ်။

    ရုရှားနဲ့ တရုတ်က အင်အားကြီးလာပြီ။ ထိုင်ခုံသက်တမ်းကလဲ ကြာပြီဆိုတော့ ထရမ့်ဝမ်းထဲမှာ အူဘယ်နှခွေရှိတယ်ဆိုတာကို သိကြသူတွေပါ ။ နောက်မဆုတ်တမ်း ထိပ်တိုက်တွေ့ကြတော့ ထရမ့်အခက်တွေ့ခဲ့ရပါတော့တယ်။ ယူကရိမ်းစစ်ကို ထရမ့်က ရပ်ချင်တယ်။ ပူတင်ကမရပ်ခဲ့ဘူး။ နောက်ကပံ့ပိုးပေးနေတဲ့ တရုတ်ကလည်း မရပ်စေဘူး။ အမေရိကန်ကို ယူကရိမ်းစစ်ထဲမှာ ကြိုးချည်ထားမှ သူနဲ့ထိပ်တိုက်တွေ့တဲ့အခါမှာ အမေရိကန်အနေနဲ့ အင်အားအပြည့် မသုံးနိုင်တော့ဘူး။ ဒါကို တရုတ်ကလိုချင်တယ်။ ဖြစ်အောင်လည်း ရုရှားကို တရုတ်က ကြိုးပြန်ချည်ထားနိုင်တာတွေ့ရတယ်။

    အခြားနိုင်ငံတွေကို Trilနဲ့ အမေရိကန်က ထင်သလိုဗုံးကြဲတယ်။ သူလိုချင်သလို ဖြစ်လာခဲ့တယ်။ တရုတ်နဲ့ကျတော့ မျှော်သလိုဖြစ်မလာတော့ဘူး။ အကောင်ကြီးသွားတဲ့ တရုတ်ကို အမေရိကန်က အခြားနိုင်ငံတွေလို မဟုတ်ပဲသတိထားကိုင်တွယ်နေရတယ်။ တရုတ်မှာလဲ ”အစွယ်ရှည်” ရှိသွားပြီ။ သူ့အစွယ်ချက် မမိအောင်လည်းသတိထားနေရပြန်တယ်။ ဒါကြောင့် တရုတ်ကလွဲရင် အခြားနိုင်ငံတွေကို Tariff နဲ့ “ဒါဖြစ်စေ” ဆိုတာ တစ်ခါတည်းဖြစ်လာခဲ့ပေမယ့် တရုတ်ကို ရက် ၉၀ နောက်ဆုတ်ပြီး ငါးကြိမ်နှစ်ဖက် ကိုယ် စားလှယ်တွေ တွေ့ ကြတဲ့အထိ တိကျတဲ့အဖြေမရနိုင်သေးတာတွေ့ရတယ်။

    မဟာဗျူဟာအမှားလမ်းကို ရွေးချယ်မိတဲ့ အမေရိကန်ဟာ အဲ့ဒီလမ်းကို ရှက်ရှက်နဲ့ဆက်လျှောက်နေရတာကို တွေ့ရပါလိမ့်မယ်။ နောက် ဆုတ်ရင် အမေရိကန်ပုံရိပ် မြောင်းထဲရောက်ပြီး သမိုင်းတွင်ပြီး ရှေ့ ဆက်နိုင်ရင်လဲ ”အစွယ်ချက်” က ခပ်ပြင်းပြင်းနဲ့ ဒဏ်ရာဗရပွ ရသွားနိုင်ပြန်တယ်။

အနုမြူဗုံးထက်ပြင်းတဲ့ ဝှက်ဖဲသုံးချပ်

    အမေရိကန်က တရုတ်ဘက်က မလိုက်လျောရင် ဒီထက်အများကြီးပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ တရုတ်ဘက်က လုံးဝမတောင်း ပန်၊ ဒူးမထောက်တာကို တွေ့ရတယ်။ အဲ့ဒီအပြင်ပြန်တုံ့ပြန်လိုက်တဲ့
     “အမေရိကန်ကို ရေဆုံး၊ မိုးဆုံးပြန်တုံ့ပြန်သွားမယ်”

    ထရမ့်က တရုတ်အပေါ်ရာခိုင်နှုန်း ၁ဝဝ အခွန်ငွေတိုးဟာ နိုဝင်ဘာ ၁ ရက်နေ့မှာစပြီးအသက်ဝင်မယ်လို့ကြေညာလိုက်တယ်။ တရုတ်က Tariffနဲ့ ပတ်သက်ပြီး မသိကျိုးကျွန်နေလိုက်တယ်။ မြေရှားသတ္တုပြည်ပရောင်းချမှုကို ကန့်သတ်ပစ်လိုက်တယ်။ လက်ကိုင်ဖုန်းကနေ ကာကွယ်ရေးစစ်လက်နက်တွေ ထုတ်လုပ်ရာအထိ မပါမဖြစ်မြေရှားကို တရုတ်က ကမ္ဘာရဲ့ရာခိုင်နှုန်း ၉၀ ထုတ် လုပ်ပေးသူဖြစ်လေတော့ ထရမ့်ပက်လက်လန်ရပါလေရော၊ နှစ်လအတွင်း အမေရိကန်စက်မှုကဏ္ဍ ကုန်ထုတ် လုပ်မှုအားလုံး ရပ်ဆိုင်းသွားနိုင်တယ်။

    အနုမြူဗုံးကြဲရင် ပြည်နယ်တစ်ခုစာပဲ ပျက်စီးမှာ။ မြေရှားမရရင် ပြည်နယ် ၅၀ လုံးထိုင်သွားရဖို့ရှိတယ်။ အဲ့ဒါက အနုမြူဗုံးထက်ပြင်းတဲ့ ပထမဝှက်ဖဲတစ်ချပ်။ ထရမ့်က စကားပြန်ပြင်ပြောရပါတော့တယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာညှိနှိုင်းမှုတွေ ပြေလည်ရင် Tariflက ပြန်ရုပ်သိမ်းပေးလို့ရပါတယ်လို့ လေသံပြန်ပစ်ရပါတော့တယ်။

    ဒုတိယဝှက်ဖဲတစ်ချပ်က ရှိနေပြန်ပါသေးတယ်။ ဆေးဝါးပစ္စည်းထုတ်လုပ်ရာမှာ ပါဝင်နေတဲ့ကုန်ကြမ်းကို တရုတ်က အများဆုံးရောင်းချပေးပြီး ကိုင်တွယ်ထားနိုင်တာပါ။ ဒီဖဲကတော့ ကျန်းမာရေးကဏ္ဍနဲ့ ဆိုင်တယ်။ အမေရိကန်ဆေးဝါးထုတ်လုပ်မှုကို အများကြီးထိခိုက်သွားနိုင်တယ်။ သူတို့ဆီမှာ အရင်းအနှီးကြီးသူတွေရဲ့စကားကို သမ္မတပစ်ပယ်လို့ မရဘူးဆိုတာတရုတ်က သိနေတယ်လေ။

    တတိယဖဲချပ်ကတော့ ဘက်ထရီပါပဲ။ အဆင့်မြင့်ဘက်ထရီကို တရုတ်ရဲ့ CATLက ကမ္ဘာ့သုံးကုန်ရဲ့ ရာခိုင်နှုန်း ၇ဝကို ထုတ်ပေးနေတာပါ။ နည်းပညာက အဓိကအပိုင်းမှာပါဝင်နေသလို ဘက်ထရီမှာပါတဲ့ ကုန်ကြမ်းကလဲ အဓိကပါဝင်နေပါတယ်။ ဒါကိုရပ် ဆိုင်းလိုက်ရင်လည်း စက်မှုလုပ်ငန်းနဲ့ လုပ်သားကဏ္ဍကြီးကြီးမားမားပိတ်သိမ်းလိုက် ရနိုင်ပြန်ပါတယ်။

    တရုတ်မှာ နောက်ထပ်ဘာဝှက်ဖဲတွေကိုင်ထားသလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး။ ဝှက်ဖဲတစ်ချပ်ချင်း ဒါမှမဟုတ် တစ်ပြိုင် နက်ထုတ်သုံးလိုက်ရင် Missile တွေပစ်ပြီး စစ်တိုက်စရာ မလိုတော့ပါဘူး။ ထိပ်တိုက်တွေ့တာကို မငြင်းလိုပါဘူး။ ထိပ်တိုက်တွေ့တဲ့ မဟာဗျူဟာ လမ်းကြောင်း ရွေးချယ်မှု မှား ယွင်းခြင်းသာပါ။ ယူကရိမ်းစစ်မှာ မအောင်မြင်ခဲ့လို့ စီးပွားရေးဘက်ကို ရွေးချယ်လိုက်တဲ့ အမေရိကန်ဟာ သရဲကိုရှောင်လိုက်ကာမှ သရဲထက်ကြီးတဲ့ “သဘက်” ကို တွေ့လိုက်ရသလို ဖြစ်ခဲ့ရပါပြီ။

#PAN