




(ပြည်တွင်း) နိုဝင်ဘာ ၁၀
ပြည်သူတွေခရီးသွားလာရာမှာ လိုအပ်တဲ့စက်သုံးဆီတွေကို အလွယ်တကူဝယ်ယူနိုင်နဲ့ ပြည်နယ်အတွင်းရှိ ဆီဆိုင်တွေအနေနဲ့ ဆီဈေးနှုန်းအတက်အကျပေါ်မူတည်ကာ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်ဖို့ ရောင်းချမှုမရှိပါက အရေးယူဆောင်ရွက်သွားဖို့ တာဝန်ရှိသူတွေကိုမှာကြားထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှာရှိတဲ့ Puma Power International Port Terminal ဆိပ်ကမ်းကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူတွေကို မှာကြားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ်မှာ စက်သုံးဆီဝယ်ယူမှုအခက်အခဲဖြစ်ပေါ်ခဲ့သော်လည်း အခုအချိန်မှာတော့ ပုံမှန်အတိုင်းပြန်လည်ရောင်းချနေတာတွေရှိပေမယ့် တစ်ချို့ဆီဆိုင်တွေမှာတော့ အကန့်အသတ်တွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့အစီအစဥ်နဲ့ ဆီအပြည့်အဝရရှိရေးဆောင်ရွက်နေပြီ ဆီပြတ်လပ်မှုမရှိစေဖို့နဲ့ ပြည်နယ်အတွင်းရှိ မြို့နယ်တွကို စက်သုံးဆီစဉ်ဆက်မပြတ်ရောက်ရှိစေရေး၊ စက်သုံးဆီတွေကို ပြည်သူတွေလုံလောက်စွာအသုံးပြုနိုင်ရေးနဲ့ တရားမဝင်စက်သုံးဆီတွေရောင်းချမှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြဖို့ ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေနဲ့ ဆောင်ရွက်နေပြီး ပြည်သူတွေသက်သာတဲ့ဈေးနှုန်းနဲ့ဝယ်ယူနိုင်ဖို့ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်နေတယ်လို့ မွန်ပြည်အစိုးရအဖွဲ့ထံက သိရပါတယ်။
မွန်ပြည်အတွက် လိုအပ်တဲ့စက်သုံးဆီတွေကို ပြည်ပကနေ ပင်လယ်ရေကြောင်းကတဆင့် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပြီး Puma Power International Port Terminal က ဆီလှောင်ကန်တွေမှာ စက်သုံးဆီတွေ သိုလှောင်ထားရှိမှုပြည်နယ်ဝန်ကြီးချုပ်က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သလို ပြည်နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ဆီဖြည့်ရုံတွေမှာ ဆီဖြည့်ပန့်တွေကိုထပ်တိုးသွားဖို့ ဆီဖြန့်ဖြူးမှု ရပ်ဆိုင်းမသွားစေဖို့ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတွေကို စနစ်တကျမြန်ဆန်စွာရောက်ရှိစေဖို့အတွက် ဖြန့်ဖြူးပေးကြဖို့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေက မှာကြားခဲ့တယ်လို့ သိရပါတယ်။