(မိုဇလ) နိုဝင်ဘာ ၃
နိုဝင်ဘာလ ၃ ရက်ကနေ ၆ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အရှေ့ဘက်ကရွေ့လျားလာတဲ့ လေပွေလှိုင်းတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းနဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၊ အထက် ပင့်တက်လေအားကောင်းရာက ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှု အားကောင်းတဲ့အတွက် မိုးတိမ်တောင်တွေဖြစ်ပေါ်ခြင်းကြောင့် မိုးရွားသွန်းမှုတွေရှိလာတာလို့ ဆိုပါတယ်။

မိုးလေဝသဖြစ်စဉ်တွေကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာတော့ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ဆည်မြောင်းတာတမံများအနေနဲ့ လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့ သတိပေးနှိုးဆော် ထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မြောက်-အနောက်မြောက်ဘက်ကို နောက် ၃၆ နာရီအတွင်း ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသတွေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
#PAN