
(ဆောင်းပါးကဏ္ဍ) နိုဝင်ဘာ ၁
မောင်သံလွင်
မထင်မှတ်ဘဲတွေ့ရာ ကောက်ကိုင် လိုက်မိတဲ့ စာအုပ်တစ်အုပ်က တော်တော်စိတ်ဝင်စားစရာကောင်းနေတယ်။ ကိုးနှစ် ဆယ်နှစ် ကျောင်းသားလေးတွေ သူတိုအချင်းချင်းစာတိုရေးဖို့ကြတဲ့ ပေးစာလေးတွေကိုစုပြီး မှတ်တမ်းတင်ထားတာ အခန်းတစ်ခန်းပါတဲ့ စာအုပ်လေးတစ်အုပ်ပါ။ စာကြီးပေကြီးတော့လည်းမဟုတ်ပါ။ ဒါပေမယ့် ဖတ်တဲ့လူကိုတော့ အကျိုးပြုစေတဲ့ စေတနာတွေပါကြတာတွေ့ရပါတယ်။ ကြည့်ပါဦးဗျာ။
တစ်ယောက်ကရေးထားတယ်-
“မင်းစိတ်ရှုပ်နေတဲ့အခါအေးအေးဆေးဆေးထိုင်ပြီး အဖြေရှာပါ။ စဉ်းစားပါ။ မင်းကိုဖိနှိပ်ချင်တဲ့သူ၊ နှိမ့်ချချင်တဲ့သူ၊ သူတို့ကို လျစ်လျူ ရှုလိုက်ပါကွာ။ မင်းကိုယ်မင်းသာ အရှုံးမပေးတဲ့သူဖြစ်အောင် စဉ်းစားပါ”တဲ့။
နောက်တစ်ယောက်က-
“ရေခဲသေတ္တာထဲမှာ ဘာမှမရှိရင်လည်း ဗိုက်ဆာလို့ ခွေးစာကိုတော့သွားမစားလိုက်နဲ့နော်။ မင်း ဖုံးကွယ်လိမ်ညာနေရလိမ့်မယ်။ လိမ်တာညာတာနဲ့ မတော်တာ စားမိတာက မတန်ပါဘူးကွာတဲ့”။
အခြားတစ်ယောက်က ဒီလိုရေးထားတာ တွေ့ရတယ်။
‘”မင်းအိမ်သာထဲ မထိုင်ခင် သန့်စင်စက္ကူရှိရဲ့လား။ ရေရှိရဲ့လား၊ ဆပ်ပြာရှိရဲ့လားအရင်ကြည့်သင့်တယ်။ ကြိုတင် မစဉ်းစားခဲ့မိရင် ဒုက္ခတစ်ခုခု ကြုံရတတ်တယ်ကွ”
နောက် ကျောင်းသားတစ်ဦး ရေးထားတာက-
“အတန်းထဲမှာ လပတ်စာမေးပွဲ ဖြေစရာရှိနေရင် အိမ်မှာကတည်းက တစ်ခေါက်နှစ်ခေါက်တော့ ကြိုဖတ်သွားပါကွာ။ မေးခွန်းတွေကို အဖြေမှန် မရေးနိုင်ဘဲ ဖြီးနေရရင်စိတ်ညစ်ရလိမ့်မယ်”တဲ့။
ကျောင်းသူလေးတစ်ယောက် ရှစ်နှစ်သမီးလေး ရေးတာက-
“အဖေအမေတွေ စကားပြောနေကြရင် ကြားဖြတ် ဝင်မပြောဘဲ သူတို့ စကားဆုံးအောင် နားထောင်၊ အဲဒါကောင်းတယ်။ အဲ-တစ်ယောက်ယောက် သွေးထွက် သံယို မဖြစ်သမျှအထိပေါ့ကွယ်”တဲ့။
ကိုးနှစ်သမီးကျောင်းသူလေးတစ်ဦးက ဒီလိုရေးတယ်-
“တကယ်လို့မင်းဟာ ကလေးဝတ်ဆိုက်ကြီးဝတ်ရတဲ့အရွယ် ဆိုပါစို့။ လူကြီးဝတ် အငယ်ဆုံးဆိုက်က မင်းအတွက် အကြီးကြီး ဖြစ်နေဦးမှာပဲ။ လူတွေကိုမြင်ရုံနဲ့ အဆိုး အကောင်း မဆုံးဖြတ်ပါနဲ့။ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးလူဖြစ်ပေမယ့် စိတ်သဘောအကောင်းဆုံးလူလည်း ဖြစ်နေနိုင်တာပဲ”တဲ့။
မိန်းကလေးတစ်ယောက်က ရေးထားတယ်-
“လူတစ်ယောက်ရဲ့ နာမည်ကို မှားရေးထားတာဟာ သူ့ကိုစိတ်ထိခိုက်စေပါတယ်”တဲ့။
သူ့နာမည်ကို မှားရေးခံရတာ ကြုံခဲ့ဖူးလေသလားတော့ မပြောတတ်ပါ။
ဆယ်နှစ် သားကျောင်းသားလေး တစ်ယောက် ရေး ထားတဲ့စာက တစ်ကြောင်းတည်းပေမယ့် နိမိတ်ပုံအလင်္ကာသဘောနဲ့ ပြောတာလိုပဲ ဂယက်အနက်တွေ ဖြာထွက်နေသလိုပဲ။
“မင်းဆွယ်တာကို ချွတ်လိုက်ရင်အတွင်းက ရှပ် အင်္ကျီပေါ်လာမှာပဲ”တဲ့။
ဆယ်နှစ်အရွယ် မာရီယာမက်ကလင်း ဆိုသူကလေးမက ရေးထားတာက တော်တော်လေးနက်တဲ့ အတွေးပါတယ်လို့ ဆိုရမလိုပဲ။
“မင်းမှာ အသက်တစ်ချောင်းပဲ ရှိတယ်။ အပိုမပါဘူး။ ဒါ့ကြောင့် ပိုပြီးဂရုစိုက်ပါ။ မင်းသူငယ်ချင်းတွေ မိုက်မှားတဲ့ အလုပ်တွေလုပ်နေလို့ အဖော်ခေါ်ရင် သူတို့လုပ်ရာလိုက်ပါ မလုပ်မိစေနဲ့”
နောက်တစ်ယောက်ရေးတဲ့ သတိပေးချက်က-
“ဘယ်တော့မှ လိမ်မပြောမိစေနဲ့။ လိမ်ဖူးရင် ဆက်ပြီး လိမ်နေရလိမ့်မယ်။ ဒီလိုနဲ့ လိမ်ညာစကားနဲ့ မင်းနဲ့တွဲမိပြီးမင်းဟာ လူလိမ်တစ်ယောက် ဖြစ်သွားနိုင်တယ်။ သတိပြုပါ။”
နောက်တစ်ယောက်က –
“လူတစ်ယောက်ကို မျက်ရည်ကျအောင်လုပ်မိရင် မင်းက ဝမ်းနည်းပါတယ်လို့ တောင်းပန်ဖို့လိုတယ်။ စိတ်ကောင်းမွေးပါ။ စိတ်ကောင်းထားရှိ တယ်ဆိုရင် ရောက်ရာအရပ်မှာကောင်းတာတွေပဲ တွေ့မယ်”
ကိုးနှစ်ဆယ်နှစ်ကလေးငယ်များရဲ့စိတ် ကူးနဲ့ သူတို့ရဲ့ သူငယ်ချင်းအတန်းဖော်ဆွေအတွက် စိတ်ထဲရှိရာ သူ့စိတ်မှာ ရှိတာလေးတွေ ရေးချထားလိုက်တာနော်။
ကလေးဘဝများလွန်မြောက်ဖြတ်သန်းခဲ့ကြပြီးတဲ့ မိမိတို့လူလတ်ပိုင်းလူကြီးပိုင်းတွေအတွက်လည်း သူတို့ကပေးတဲ့ အသိပညာသင်ခန်းစာတွေဟာ ရိုးမသွားဘဲ အသုံးဝင်နေဆဲပဲ။ စဉ်းစားသင့်တယ်လို့ ထင်မြင်ပါတယ်။
“သင်ဟာ မခုန်ခင်ကြည့်ပါဦး” လို့ဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကားဟာ မပြောခင်ဖြစ်ဖြစ်၊ အလုပ်တစ်ခုမပြုလုပ်မီ ဖြစ်ဖြစ်၊ အကောင်းအဆိုး၊ အကျိုးအပြစ် စဉ်းစားချင့်ချိန်သင့်တယ်ဆိုတဲ့ သင်ခန်းစာ၊ ဘဝတစ်လျှောက်လုံး ဘယ်တော့မဆို မရိုးနိုင်ပါဘူး။
ရှည်မှာစိုးလို့၊ များမှာစိုးလို့ ချန်ထားခဲ့တဲ့ သူတို့ရေးထားတာလေး တစ်ပိုဒ်ဆိုရင် ဒီလိုတွေ့ရတယ်-
“ဖိနပ်ကြိုးမချည်ဘဲ ဘယ်တော့မှ မပြေးသင့်ပါ။ စက်ဘီးစီးတိုင်းရှေ့ဘရိတ်ကို အရင်မဖမ်းပါနှင့်။ အပြေးအလွှား အားသွန်ပြေးမှ ရောက်ရမယ့် ကိုယ့်ခရီးမှာ ဘယ်သူက ဘာပဲထင်ထင် မင်းဟာ အားသွန်ပြေးသွားလိုက်ပါ” တဲ့။
ဘဝလမ်းကြောင်းနဲ့ချီပြီးအကောင်းအဆိုးအမျိုးမျိုးကိုတွေ့ကြုံဖြတ်သန်းရမယ့်ရွေးချယ်မှုမျိုးမှာ ဘာမှချင့်ချင့်ချိန်ချိန်နှိုင်းနှိုင်းဆဆမစဉ်းစားဘဲ၊ သူများယောင်လို့ ယောင်ရတယ်။ အမောင်တောင်မှန်း မြောက်မှန်းမသိ ဆိုသလို ကိုယ်စီးတဲ့ မြင်းကိုတောင် အထီးမှန်း၊ အမမှန်းမသိကြတဲ့ လူတော်တော်များများ တွေ့ရတဲ့အခါ ဖော်ပြပါ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ်အရွယ်၊ မူလတန်းကျောင်းသူကျောင်းသားလေးတွေလောက်တောင် အတွေးမကျယ်ပြန့်ခဲ့ရှာပါလား။ ဘဝတစ်ခုကို အတွေးတိမ်တိမ်လေးနဲ့ ရွေ့လျားနေကြပုံက သူတို့မိဘဆွေမျိုး၊ အသိုင်းအဝိုင်းမဆိုထားနဲ့ ကြားရတဲ့သူ မြင်ရတဲ့သူတောင် စိတ်ပျက်ရလောက်တယ်။ အသက်မွေး ဝမ်းကျောင်းပညာ ဘာတစ်ခုမှမတတ်၊ ဘာသာစကားလည်း ဘာမှ မတတ်(တရုတ်ပြည်ဘက် သွားအလုပ်လုပ်ချင်သူ၊ ထိုင်း၊ လာအို၊ မလေးရှား၊ စင်ကာပူနိုင်ငံ စသည်သွားပြီးအလုပ်ရှာမယ့်သူ) တရား ဝင်အစိုးရချင်း တိတိကျကျ ချိတ်ဆက်ပြီး အစီအမံနဲ့တရားဝင် အလုပ်လုပ်ရန် မဟုတ်ဘဲ ခွေးတိုးပေါက်ကနေ ခိုးထွက်၊ ငွေညှစ်တဲ့လူ တောင်းသမျှ ပေးရ၊ ပုန်းရ၊ ရှောင်ရ၊ လှေခိုးစီး၊ ကားထဲပိတ်လှောင်ပြီး ခိုးစီးရ၊ လူမသိသူမသိ ရပ်ကွက်ထဲ၊ အိမ်ထဲပိတ်လှောင်ထားခံရ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းဟူသမျှ ဘာဆိုဘာမှမသိ၊ နားမလည်၊ သွားချင်ရာ သွားတယ်၊ သူများခေါ်လို့လိုက်တယ်။သူများသူပုန်ထလို့ ရော ယောင်လက်နက်ကိုင်သူပုန် ဖြစ်လာခဲ့တယ်။
စစ်တိုက်တာတော့ ဟုတ်ပါပြီ။
လက်နက်ကိုင်တိုက်ပွဲဆိုတာ အမှန်တကယ်က နိုင်ငံရေးမူဝါဒလမ်းစဉ်အရညှိနှိုင်းဖြေရှင်းလို့ မရတော့လောက်အောင်တင်းမာနေလို့ နိုင်ငံရေး ပဋိပက္ခကို အကြမ်းဆုံးနည်းနဲ့ဖြေရှင်းအားပြိုင်တဲ့ (အညံ့ဆုံးအဆိုးဆုံး) နည်းလမ်း၊ နောက်ဆုံးရွေးရတဲ့ နှစ်ဖက်စလုံးရှုံးရတဲ့လမ်း၊ နှစ်ဖက်စလုံးက အရှုံးလေးနဲ့ အရှုံးကြီးသာ။
နိုင်ငံရေးဘယ်လောက်နားလည်သလဲဆိုတော့ ဒီမိုကရေစီလိုချင်လို့ တိုက်ပွဲဝင်တဲ့ တော်လှန်ရေးဆိုပဲ။
စစ်အာဏာရှင်ကို ချုပ်ငြိမ်းအောင်တိုက်မယ်ဆိုပဲ။ အရှေ့အနောက်၊ တောင်နဲ့မြောက်တောင်မသိနိုင်အောင် နိုင်ငံရေးတောနက်ထဲ ဝင်မိပြီး မျက်စိလည်တဲ့ တော်လှန်ရေးအမည်ခံလည်သူစားတမ်း သူပုန်ထ၊ ကြေးစားဒေါ်လာထောက်ပံ့ကြေးသန်းနဲ့ချီ လှည့်စားကြတဲ့ အနောက်နိုင်ငံ နယ်ချဲ့စီးပွားရေးအရင်းရှင်တွေရဲ့ အသေခံတပ်သားသက်သက် လူငယ်တွေပါကလား။ နိုင်ငံပြိုကွဲလောက်တဲ့ အန္တရာယ်ပဲ။
တကယ်တော့ သူတို့စစ်နိုင်အောင် တိုက်နိုင်ဦးတော့ ဒီမိုကရေစီစနစ်ကိုတော့ ရလိမ့်မယ်မဟုတ်။ နယ်ချဲ့အရင်းရှင်တွေရဲ့ အင်အားနည်းတဲ့ အသိပညာနည်းတဲ့ နိုင်ငံလေးတွေအပေါ် ခြယ်လှယ်ဖို့ရာအတွက် လက် ကိုင်တုတ်မွေးထားတဲ့ “ကြေးစားစစ်သား” ဆိုတာ မသိကြရှာတာ၊ လေးငါးနှစ်ကြာတဲ့အထိ တစ်တုံး၊ နှစ်တုံး၊ သုံးလေးငါးတုံးစားပြီးတာပင် မစင်တုံးမှန်းမသိအောင် အ၊ ခဲ့၊ န၊ ခဲ့ ကြလေပြီ။ ထားပါတော့၊ ပြီးခဲ့တာတွေ ရှိပါစေလေ။
လက်ရှိ ပကတိအခြေအနေမှန်ကိုသာ မြင်အောင် ကြည့်ကြစေချင်တာ၊ အမှန်အတိုင်းမြင်အောင် ဗဟု သုတကျယ်ကျယ်ပြန့်ပြန့် လေ့လာမိကြပါစေ….။
သတင်းခေတ်မှာ ဘာသတင်းမှ အမှန်အတိုင်း မသိမမြင်ဘဲ လိမ်ညာလှည့်စား၊ သတင်းတု၊ သတင်းယောင် မှိုင်းတိုက်တဲ့သတင်းမှားတွေကိုသာ အခါခါအကြိမ်ကြိမ်အလွဲအမှားကို စွဲမြဲအောင်နားသွင်းခံခဲ့ရတာကိုး။
အယုံမလွယ်မိပါစေနဲ့၊ ကိုယ့်လူတို့ရေ။
ပြောင်းလဲချိန်တန်ပြီဆိုတာ နိုင်ငံတကာ အလှည့်အပြောင်းရဲ့ကြီးမားလှတဲ့သမိုင်းကြောင်းအရ မှန်ကန်တဲ့ရေစီးကြောင်းမှာ အမှန်အတိုင်း လိုက်ပါရှင်သန်နိုင်အောင် ပြောင်းလဲသစ်လွင်ကြစေချင်တာပါ။ အချိန်ဆိုတာက ဘယ်သူကမှ မပြောင်းလဲအောင် စွဲမြဲရပ်တန့်ဖို့ချုပ်ကိုင်မရနိုင်ပါ။
ကမ္ဘာကြီးရဲ့ နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုအရ နှစ်ပေါင်း ၂ဝဝ ကျော် ကမ္ဘာ့နိုင်ငံပေါင်းများစွာအပေါ် နယ်ချဲ့စိုးအုပ်ကုပ်သွေးစုပ်ခဲ့တဲ့ နယ်ချဲ့အရင်းရှင် အနောက်နိုင်ငံများရဲ့ နေဝင်ချိန်ရောက်ရှိလာခဲ့ပြီ။
လက်နက်ကိုင်သူ ပုန်ထရတဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ်ရရှိရေးဆိုတဲ့ လိမ်ညာလှည့်စားတဲ့မျက်နှာဖုံးကလည်း အခုအချိန်မှာတော့ အဟုတ်ထင်မှတ်မှားပြီး ယုံစားမနေနဲ့တော့။ အမှောင်မှအလင်းဘက်ထွက်ခဲ့ပေတော့။ အမှားမှ အမှန်သို့ထင်ထင်ရှားရှားကြီးမြင်လာကြရပြီမို့(မျက်နှာဖုံးကကွာကျသွားခဲ့ပါပြီ)။ အထင်မှား၊ အယူမှား၊ အတွေးမှား၊ အလုပ်မှားတွေ အားလုံးကိုပစ်ချခဲ့ပြီး လမ်းခွဲရမယ့်ပြောင်းလဲချိန်ရောက်ပေပြီ။
တော်လှန်ရေးခေါင်းစီးတပ်ပြီး မသိနားမလည်သူထောင်ပေါင်းများစွာသောအချောင်သမားနိုင်ငံရေးလူလည်လူနပ်များကိုယ်တိုင်မင်းတို့မမြင်သေးတဲ့နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုကိုတော့ မငြင်းပယ် နိုင်တော့ကြောင်းသိနေခဲ့ပါပြီ။ ကမ္ဘာပေါ်မှာနှစ်ပေါင်း ၂ဝဝ ကျော် ဗိုလ်ကျစိုးမိုးခဲ့ကြတဲ့ နယ်ချဲ့အရင်းရှင်အဆောက်အအုံကြီးဟာ ယခုတော့ မျက်စိအောက်တင်နေလာနှင်းပျောက်၊ နှင်းခဲတွေအရည်ပျော်ဆင်းသွားသလိုပြိုကျပြိုကွဲနေပေပြီ။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အမေရိကန်သန်းကြွယ်သူဌေးကြီး တစ်ယောက်လည်းဖြစ်၊ သူ့စာအုပ်တွေက ရောင်းအား အကောင်းဆုံးစံချိန်တင်တဲ့ နိုင်ငံရေး၊ စီးပွားရေးသုံးသပ်ဖော်ထုတ်ချက်တွေကြောင့် နာမည်ကြီးတဲ့ ရေမွန်ဒါလီယို ရေးတာကို ဖတ်ဖူးပါတယ်။
ထင်ရှားတဲ့စာအုပ် လေးငါးအုပ်အနက် “CHANGING WORLD ORDERပြောင်းလဲနေတဲ့ကမ္ဘာ့အစဉ်” ဆိုတဲ့ စာအုပ်ကတော့ မိမိအဖို့ အံ့ဩစရာ နိမိတ်ဖတ်ရှေ့ဖြစ် ဟောကျမ်းစာဖြစ်ခဲ့ပါတယ်။ အခုတော့ မှန်ကန်ခဲ့ပြီ။
မာ့စ်လီနင်ဝါဒ၊ ကွန်မြူနစ်စနစ်အရ လူ့သမိုင်းကုန်ထုတ်လုပ်မှုနဲ့ ကုန်လုပ်ဆက်ဆံရေးမှာ (၁)သမိုင်း ဦးဘုံမြေစနစ်၊ (၂) ကျေးပိုင်ကျွန်ပိုင်စနစ်၊ (၃)မြေရှင်ပဒေသရာဇ်စနစ်၊ (၄)အရင်းရှင်စနစ်၊ နယ်ချဲ့အရင်းရှင်စနစ်(လက်ဝါးကြီးအုပ် အရင်းရှင်စနစ် စသဖြင့် အဆင့်ဆင့် ရင့်ကျက်ဖြစ်ထွန်းမှုတွေလည်းပါဝင်ခဲ့)၊ (၅) ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ်ဝါဒဆိုပြီး ဖော်ပြခဲ့တာရှိခဲ့ဖူးပါတယ်။ ပဒေသာပင်ခေတ်ဟာ အသေ အချာပင် ဖြစ်မှာလို့ဆိုရဲ့။
မြန်မာနိုင်ငံနယ်ချဲ့ဆန့်ကျင်ရေးနဲ့အမျိုးသားလွတ် မြောက်ရေးပါဝင်တိုက်ပွဲဆင်ခဲ့ကြတဲ့ တော်လှန်ရေး သမား၊ နိုင်ငံရေးသမားတွေကလည်း ဒီလို မဟာ ဗျူဟာ ယုံကြည်ချက်နဲ့ မျှော်မှန်းချက်ရှိခဲ့ကြဖူးပါရဲ့။ လက်ဝဲလို့ပဲ ဆိုပါတော့။
သို့ပေမယ့် အနောက်တိုင်းအုပ်စုကမှိုင်းတိုက်ပြီး လူ့အခွင့်အရေး၊ဒီမိုကရေစီစနစ်အရ ခေါင်းစည်းတပ်ကာ နိုင်ငံအတွင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲရေးကို စီမံတဲ့နယ်ချဲ့အရင်းရှင်၊ စီးပွားရေး လက်ဝါးကြီးအုပ် အရင်းရှင်တွေ ကြိုးဆွဲရာပါမိခဲ့တဲ့ ဆယ်စုနှစ်အချို့မှာတော့ မြန်မာပြည်သူတွေဟာ ဆိုရှယ်လစ်စနစ်လမ်းပျောက်၊ ဒီမိုကရေစီငါးစာချတာနောက် ကောက်ကောက်ပါခဲ့မိကြပါရဲ့။ ပြီးခဲ့တာတာတွေ ရှိပါစေတော့။ ဘယ်သူမှ ပြန်ပြင်လို့လည်း မရနိုင်ဘူးလေ။ ငြင်းမနေသင့်ပါ။
လက်ရှိအခြေအနေပကတိတရားကိုတော့ အမှန်အတိုင်းမြင်အောင်စာများများ ဖတ်ကြရမှာပါ။ ဟိုဘက်ဒီဘက် ပြောနေကြတာကို နားကျယ်ကျယ်နှစ်ဖက်ဖွင့်ပြီး သေသေချာချာ စဉ်းစဉ်းစားစားနားထောင်ကြရမှာပါ။ ဒစ်ဂျစ်တယ်ခေတ် အေအိုင်ခေတ်မှာ သူများလှိမ့်သမျှ၊ ညာသမျှ မယုံစားသင့်တော့ပါဘူး။ ၂၁ ရာစုခေတ်သစ်တစ်ခုကတော့ သမိုင်းလိုအပ်ချက်အရ ဝုန်းဝုန်းဒိုင်းဒိုင်းပြောင်းလဲနေတာ အမှန်ပါပဲ။ “မဖြစ်မနေစဉ်းစားမိဖို့ အရေးကြီးတဲ့စကားတစ်ခွန်းတော့ပြောပါရစေ။ နိုင်မယ့်မြင်းကိုရွေးစီးပါ။ ရှုံးတဲ့ဘက်ကို မိုက်မဲစွာ အမြီးဆွဲမလိုက်ပါလေနဲ့။
#PAN