
(ပြည်တွင်း) အောက်တိုဘာ ၃၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ဆန်တန်ချိန် ၂၅ တန်နှင့်အထက် (သို့) စပါးတင်း ၂,၅၀၀ နှင့်အထက်သိုလှောင်ထားသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေနဲ့ မြန်မာဆန်စပါးအွန်လိုင်း(MyRO)မှာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည် ဖြစ်ပါတယ်။
MyRO စနစ်မှာ မှတ်ပုံတင်ထားပြီးဖြစ်သော သိုလှောင်ရုံများက လစဉ်လဆန်း ၁ ရက်မှ ၇ ရက်အတွင်း သတ်မှတ်ထားတဲ့ ကာလအတွင်း၌ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းအပြည့်အစုံကို MyRO Website ရှိ မိမိတို့၏ Account တွင် မပျက်မကွက်ထည့်သွင်းပေးရမည်ဖြစ်ပါတယ်။
အခုလိုထည့်သွင်းရာမှာ သိုလှောင်ရုံပိုင်ရှင်များက ပြည့်စုံမှန်ကန်သော အချက်အလက်များကို တာဝန်ယူ၊ တာဝန်ခံ၍ ထည့်သွင်းပေးရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလာရောက်စစ်ဆေးမှုချိန်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အသိပေးတိုက်တွန်းထားကာ လိုက်နာရန်ပျက်ကွက်သူများကို ပြင်းထန်စွာအရေးယူသွားမည်ဟု အသိပေးခဲ့ပါတယ်။
သိုလှောင်ရုံမှတ်ပုံတင်လက်မှတ် လျှောက်ထားရန်ပျက်ကွက်ခြင်း၊ လစဉ်ကုန်စာရင်းကို သတ်မှတ်ချိန်အတွင်း ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိပါက အမိန့်အမှတ်(၈၂/၂ဝ၂၄)မှာ ပါရှိသောသတ်မှတ်ချက်များနှင့်အညီ အရေးယူခြင်း၊ မှတ်ပုံတင်လက်မှတ်ပယ်ဖျက်ခြင်း(သို့)နည်းလမ်းနှစ်ရပ်စလုံးဖြင့် အရေးယူခြင်းများကို ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
မှတ်ပုံတင်ခြင်းနှင့် စာရင်းပေးသွင်းခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာဆန်စပါး အွန်လိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ရုံးတို့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု အသိပေးခဲ့ပါတယ်။