တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်စတင်

(ပြည်တွင်း) အောက်တိုဘာ ၂၉

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ‌အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ကျင်းပရန် ဆောင်ရွက်လျက်ရှိပါတယ်။

ယခုနှစ်ပွဲတော်ကာလအတွင်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု တိုးတက်လာခဲ့တာကြောင့် မီးပုံးပျံပွဲတော်နေ့လွှတ်အရုပ်များကို အောက်တိုဘာလ ၂၇ ရက်မှာ စတင်၍ လွှတ်တင်ခဲ့ကြောင်း သိရပါတယ်။

ပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာ မီးပုံပျံကွင်းတွင် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်မနက်ပိုင်းမှာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရေး၊ အမှတ်ပေးအကဲဖြတ်ဒိုင်စင်မြင့်ပေါ်တွင် သံဃာတော် ၅ ပါးကို ပင့်ဖိတ်ကာ အန္တရာယ်ကင်းတရား နာယူခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။

ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စာရင်း ပေးထားတဲ့ မီးပုံးပျံ ၄၀၀ ကျော် ရှိနေပြီး နေ့လွှတ်မီးပုံးပျံ အရုပ်စာရင်းတွင် ခြေနှစ်ချောင်း ၁၉၁ လုံး၊ ခြေလေးချောင်း ၁၀၄ လုံး၊ အုပ်စုအလုံး ၆၆ လုံး၊ စုစုပေါင်း ၃၆၁ လုံးအထိ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ညလွှတ်မီးပုံးပျံစာရင်းတွင် စိန်နားပန် ၃၇ လုံး၊ ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး စုစုပေါင်းညလွှတ် အလုံးရေ ၈၀ ဖြစ်ကာ ဂုဏ်ပြုလွှတ်တင်တဲ့ ဖျော်ဖြေရေးမီးပုံးပျံ၊ ဖွင့်ပွဲပိတ်ပွဲတွင် လွှတ်တင်မည့် မီးပုံးပျံစုစုပေါင်း ၇ လုံး ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ပွဲတော်ရက်အတွင်း မီးပုံးပျံလွှတ်တင်ခြင်းများနှင့်အတူ မီးပဒေသာလှည့်လည်ပူဇော်ခြင်း၊ ဒေသ ထွက်ကုန် MSME စီးပွားရေးပြခန်းများ၊ နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ် ကြောင်း သိရပါတယ်။