ဘားအံမှာ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ပိုင်ရှင် ဦးမြတ်ထွန်းပိုင်ရဲ့ “ရတနာမြေ(၂)စက်သုံးဆီဆိုင်”တွင် အောက်တိုဘာလ ၂၈ ရက်နေ့က ဆီဘောင်ဆာကား မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က စက်သုံးဆီဆိုင် ဝန်ထမ်း ငြိမ်းကိုနိုင်ဟာ NISSANအမျိုးအစား ဆီဘောက်ဆာယာဉ်ကနေ ဆီဆိုင်ဆီတိုင်ကီထဲကို ဓါတ်ဆီဖြည့်နေတုန်း ဆီပိုက်ဂေါက်နဲ့ ပွတ်တိုက်မှုဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေရာကို ဘားအံခရိုင်အတွင်းမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းကာ မီးသတ်ယာဉ်(၁၉)စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၀ မိနစ် အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့မီးလောင်မှုကြောင့် (၁၂၀x၁၂၀)ပေ၊ ကျောက်ပြားမိုး ဆီဆိုင်ရဲ့ မျက်နှာကျက်အနည်းငယ်၊ NISSAN ဆီဘောက်ဆာကားရဲ့ ခေါင်းပိုင်း၊ အောက်ပိုင်း၊ ကားဆီကန်(၁)ကန်၊ ဆီပန့်(၂)လုံး၊ ဓါတ်ဆီ(92) ၂၉၀၀ လီတာနဲ့ ဆီဆိုင်ရှေ့ရှိ (၁၂x၁၅)ပေ RC (၈)ခန်းတွဲ(၁)ထပ် အထည်ဆိုင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ ဆီဆိုင်ဝန်ထမ်း ငြိမ်းကိုနိုင်(၂၆)နှစ်ဟာ မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိတာကြောင့် ဘားအံပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ငြိမ်းကိုနိုင်(၂၆)နှစ်ကို ဘားအံမြို့မရဲစခန်းကနေ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။