(ပြည်တွင်း)အောက်တိုဘာ ၂၁
ငလျင်ဒဏ်သင့် တည်းခိုခန်းကို စက်ယန္တရားနဲ့ ဖြိုဖျက်ချိန် အနားမှကပ်လျက်ရှိတဲ့အဆောက်အဦးပေါ်ပြိုကျပြီး အဆောက်အဥိးအတွင်း လူတစ်ဦးပိမိနေတယ်ဆိုတဲ့သတင်းကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ချက်ချင်းရောက်ရှိလာကာ ကြည့်ရှု့စစ်ဆေးတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက်(၅၆၁)၊ ၃၃×၃၄ လမ်းကြား၊ ၈၅×၈၆ လမ်းကြားမှာရှိတဲ့ “မြစိမ်း”တည်းခိုခန်းကို ဒီနေ့ မွန်းလွဲ၂ နာရီ ၅၀ မိနစ် အချိန်ခန့်က စက်ယန္တရားတွေနဲ့ ဖြိုဖျက်ချိန်မှာ အဆောက်အဦးနဲ့ ကပ်နေတဲ့နေအိမ်တစ်ခုအပေါ်ကို အပျက်အစီးတွေ့ပြိုကျခဲ့တာလို့ သိရပါတယ်။
အဆိုပါ တည်းခိုခန်းအဆောက်အဦးဟာ ဦးသောင်းတင် ပိုင်ဆိုင်တဲ့ ပျဥ်ထောင်၊သွပ်မိုး၊(၂)ထပ်နေအိမ်ပေါ်ကို ပြိုလဲကျခဲ့တာကြောင့် ဦးသောင်းတင်ဟာ သူ့ရဲ့နေအိမ်အတွင်းမှာ ပိမိခဲ့တာလို့ သိရပါတယ်။

အဆောက်အဦးဖြိုချချိန် နေအိမ်အတွင်းမှာ အိမ်ရှင်ပိမိနေတယ်ဆိုတဲ့သတင်းအရ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ဟာ ချက်ချင်းလာရောက် ကြည့်ရှု့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
“ဒီသတင်းကိုရရချင်းမှာပဲ ဒီနေရာကိုချက်ချင်းထလာတာလို့ သိရတယ်။ တော်ပါတယ်။ ဟို ဖုန်းနဲ့မေးလည်းရတာပဲနော် သတင်းပို့ခိုင်းလည်းရတာပဲ။ ဒီလိုဆောင်ရွက်တာက ပြည်သူအပေါ်ထားတဲ့သူ့စေတနာကို မြင်ရတာပေါ့” လို့ အောင်နန်းရိပ်သာအနောက်ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
တိုက်ပြိုကျမှုကြောင့် ပိမိနေတဲ့ ၃၃×၃၄လမ်းကြား၊၈၅×၈၆လမ်း ကြား၊အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေထိုင်သူ ဦးဝင်းကို၊၆၀ နှစ်ကို ကူညီကယ်ဆယ်နိုင်ခဲ့ပြီး ဝဲ-မျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာဒူးနာကျင်ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူဟာ မန္တလေးတိုင်းဒေသကြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်နဲ့ပြင်ပလူနာဌာနမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
#PAN