ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် အသိပေးနှိုးဆော်

(ပြည်တွင်း) အောက်တိုဘာ ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုထုတ်ပေး ထားတဲ့ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ခွင့်ပြုထုတ်ပေးထားတဲ့ ရေနံနှင့်ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင်များက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်တာကြောင့် ရေနံနည်းဥပဒေ ပုဒ်မ ၁၁၉ အရ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်မတိုင်မီ နှစ်လကြိုတင်၍ နောင်လာမည့်နှစ်အတွက် သက်တမ်းတိုးတင်ပြလျှောက်ထားရန် လိုအပ်ပါတယ်။

ဒါကြောင့် ရေနံနှင့်ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးတင်ပြခြင်းကို လာမည့် နိုဝင်ဘာလ ၁ ရက်မှစ၍ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားကြရန်နှင့် သတ်မှတ်ကာလဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားကာ သက်တမ်းတိုးမြှင့်ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ်လို့ သိရပါတယ်။

သက်မှတ်ကာလကျော်လွန်မှ သက်တမ်းတိုးခြင်းအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ တစ်ရက်ကို သိုလှောင်ခွင့်လိုင်စင်ကြေး ၂ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာအမှတ်၊ ၀၃၇/၂၀၂၃ အရလည်း သိုလှောင်ခွင့်လိုင်စင်ကို သက်တမ်းကုန်ဆုံးပြီးချိန်နောက်ပိုင်း သက်တမ်းတိုးတင်ပြရန် ၁ နှစ်ပျက်ကွက်ပါက အဆိုပါလိုင်စင်က အလိုအလျောက်ပျက်ပြယ်ပြီး ဌာနစာရင်းမှာလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးနှိုးဆော်ချက်အရ သိရပါတယ်။

သက်တမ်းတိုးလျှောက်ထားမည့်သူများအနေနဲ့ သက်တမ်းတိုးလျှောက်လွှာ၊ ဦးစီးဌာနမှထုတ်ပေးထားတဲ့ သိုလှောင်ခွင့်လိုင်စင်(မူရင်း)၊ ဌာနမှနောက်ဆုံးကွင်းဆင်းစစ်ဆေးခဲ့တဲ့ ကွင်းဆင်းစစ်ဆေးချက်မှတ်တမ်း(မိတ္တူ)၊ စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်/သိုလှောင်ရုံများ၏ လက်ရှိအခြေအနေအတိုင်း ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံများ စတဲ့အချက်အလက်များနဲ့ လျှောက်ထားနိုင်ကြောင်းလည်း သိရပါတယ်။