လူသားချင်းစာနာထောက်ထားမှုအကူအညီ သယ်ဆောင်လာသည့်ယာဉ်များ ဂါဇာဒေသသို့ဝင်ရောက်

(နိုင်ငံတကာ) အောက်တိုဘာ ၁၅

အစ္စရေးနှင့်ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသည့်ယာဉ်များ ဂါဇာဒေသသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွင် ဂါဇာဒေသသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဝင်ရောက်ခွင့်ပြုရေးအတွက်သတ်မှတ် ထားသည်။

ကီရန်ရှလုံနယ်စပ်ဖြတ်ကျော်စခန်းတွင် အကူအညီပေးရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်များ ရောက်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးမှ ထုတ်ပြန်ခဲ့သည်။

အကူအညီပေးရေးပစ္စည်းများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပေးသည့် ဆေးဝါးများ၊ ခိုလှုံရေးတဲများ၊ အစား အသောက်များ ပါဝင်သည်။ ဒေသခံများကို ကယ်ဆယ်ရေးအတွက် ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်မည်ဟု တာဝန်ရှိသူများ ကပြောကြားသည်။

ဟားမတ်စ်အဖွဲ့သည် သေဆုံးသွားသည့်ဓားစာခံများ၏ရုပ်အလောင်းကို ပေးအပ်ရန်ပျက်ကွက် ခဲ့သောကြောင့် ရာဖာနယ်စပ်ဖြတ်ကျော်ရေးစခန်းကို ပိတ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးပစ္စည်းများကိုလည်း ဒေသအတွင်းသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေး က ပြောကြားသည်။

အပျက်အစီးများအောက်မှသေဆုံးသူများကို အတည်ပြုရေးအတွက် ခက်ခဲသောကြောင့် သေဆုံး သွားသည့် ဓားစာခံများကို လွှဲပေးနိုင်ခြင်းမရှိကြောင်း ဟားမတ်စ်အဖွဲ့တာဝန်ရှိသူ ဟေဇန်ကွာဇန် က ပြောကြား သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။