ပြည်ကြီးတံခွန်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ကျား ၁ဦး၊မ ၂ဦး ထိခိုက်ဒဏ်ရာရရှိ

(ပြည်တွင်း)အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊၁၂၃×၁၂၄ လမ်းကြား၊၅၄(B)လမ်းတွင် ယနေ့မွန်းလွဲ၃နာရီခွဲအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊၅၄(B)လမ်း၊၁၂၃×၁၂၄ လမ်းကြားနေ ဖိုးလ ပြည့်၊၃၁နှစ်၊(ဘ)ဦးဌေးဝင်း၊ပန်းရံ လုပ်ကိုင်သူသည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်၈နာရီခွဲ အချိန်ခန့်တွင် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းရေးပြုလုပ်ပြီး ၎င်းဆေးရုံမှ စွန့်ပစ်ပစ္စည်း သံတိုသံစများထည့်ထားသည့် အထုပ်အားသယ်ဆောင်၍ ပြန်လာခဲ့ရာ မွန်းလွဲ ၁ နာရီ အချိန်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ရောက်ရှိပြီးနောက် အတူနေသူ ဝင်းနိူင်ဦး၊၃၈နှစ်၊(ဘ)ဦးအုန်းမောင်၊ပန်းရံလုပ်ကိုင်သူက အထုပ်အတွင်းမှ သံတိုသံစများအားထုတ်ကြည့်ရာ တရုတ်ကြိုးဆွဲလက်ပစ်ဗုံးဟု ယူဆရသော ဗုံး ၁လုံးအား တွေ့ရှိသဖြင့် ဝင်းနိူင်ဦးမှ ကြိုးကိုဆွဲကြည့်လိုက်ရာ မီးခိုးများထွက်လာပြီး ယမ်းနံ့ရသဖြင့် အဝတ်ရေစိမ်ထားသည့် ကော်ပုံးထဲသို့ ​ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲခဲ့ပြီး ရေချိုးနေသည့် ဝင်းနိူင်ဦး၏ဇနီးဖြစ်သူ ဒေါ် နူနူဝေ၊၃၆နှစ်၊(ဘ)ဦးတိုး၊ပန်းရံလုပ်ကိုင်သူတွင် ဝဲ-နဖူးထိပ် စုတ်ပြဲဒဏ်ရာ၊ယာ-ခြေထောက် ပေါက်ပြဲဒဏ် ရာ(စိုးရိမ်ရ)၊သမီးဖြစ်သူ မဆောင်းနှင်းဝေ၊၁၃နှစ်၊(ဘ)ဦးဝင်းနိူင်ဦးတွင် ဝဲ-ဂျိုစောင်း ပေါက်ပြဲဖုယောင်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ဝင်းနိူင်ဦးတွင် ယာလက် ပေါက်ပြဲဖုယောင်ဒဏ် ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း၊ဖိုးလပြည့်အား သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း၊ဖိုးလပြည့်နှင့်ဝင်းနိူင်ဦးတို့မိသားစုမှာ အတူနေကြသူများဖြစ်ကြောင်း သိရသည်။

#PAN