ဆေးဝါးများထုတ်လုပ်ရာတွင် အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အာနိသင်ထက်မြက်အောင် ဆောင်ရွက်ရန်လို

(ကျန်းမာရေး) အောက်တိုဘာ ၁၁

ဆေးဝါးစက်ရုံ(အင်းစိန်)သည် BPI ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ကိုယ်ပိုင် Formula ဆေးဖော်စပ်နည်းများ အသုံးပြု၍ ဆေးဝါးများကို ထုတ်လုပ်ဆောင်ရွက်နေသော Original Brand Manufacturer ဖြစ်ကြောင်း၊ BPI အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ဆေးဝါးများသည် အရည်အသွေးပြည့်ဝမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အာနိသင် ထက်မြက်မှုရှိရန် အထူးအရေးကြီးကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့ပါတယ်။

အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ သွေးကြောသွင်းဆေးရည် ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့် ကို အောက်တိုဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး က တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ကြောင်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ ဆေးဝါးသမိုင်းပြခန်း အစည်းအဝေးခန်းမ၌ ကြီးကြပ်မှုအောက်ရှိ စက်မှုလုပ်ငန်းများမှ အထွေထွေမန်နေဂျာများ၊ ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံတာဝန်ခံ၊ စက်ရုံရှိ ဌာနကြီးမှူးများနှင့် တွေ့ဆုံဆွေးနွေးစဉ် လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP)စနစ်ဖြင့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများအနေဖြင့် လူအများ၏ အသက်ကိုကယ်တင်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းဖြစ်သည့် အတွက် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်တိုင်းအား အထူးဂရုပြု၍ အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။