(မှုခင်း) အောက်တိုဘာ ၈
အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းအကြည့်များပြီး 32nd Beauty Land Hotel ကို ပျော်ပါးဖို့ အခကြေးငွေနဲ့ခေါ်ယူတဲ့ မိန်းကလေးငယ်တစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို အလွန်အကျွံကြည့်ရှုလေ့ရှိတယ်လို့ ပြစ်မှုကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်က ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
တရားခံ အောင်ကျော်ဇင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မ….ဆိုသူအမျိုးသမီးငယ်ကို ပျော်ပါးဖို့အတွက် အခကြေးငွေနဲ့ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်က 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)မှာ ပျော်ပါးနေစဉ် သူကြည့်ရှုခဲ့တဲ့ လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲတွေက ဇာတ်ဆောင်တွေအတိုင်း မစုမြတ်ဝင်းကို အသင့်ဆောင်ထားတဲ့ စတီးဓား ၂ ချောင်းနဲ့ ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာတွေနဲ့ ဝဲဘက်ပေါင်အသားတွေကို လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်ကို ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေတဲ့ သွေးတွေကို သန့်ရှင်းရေးပြုလုပ်တာ မစုမြတ်ဝင်းရဲ့ အလောင်းကို ဖျောက်ဖျက်တာတို့ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်မှာရှိတဲ့ 32nd Beauty Land Hotel၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက်က Air Con Outdoor နှစ်ခုကြားမှာရှိတဲ့ အမှိုက်အိတ်အတွင်းမှာ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးတွေ့ရှိရတယ်လို့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်မှာရှိတဲ့ သတင်းအရ ရဲတပ်ဖွဲ့တွေက သွားရောက်စစ်ဆေးရာကြတာဖြစ်ပါတယ်။
သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်းမှာ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာတွေနဲ့ ဝဲဘက်ပေါင်အသားတွေ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရတဲ့ အသက်(၂၀)နှစ်ခန့် အမည်မသိအမျိုးသမီးတစ်ဦးရဲ့အလောင်းအား တွေ့ရှိရတာကြောင့် ပန်းဘဲတန်းမြို့မရဲစခန်းမှာ (ပ)၉၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ နဲ့ အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်တာတွေဆောင်ရွက်ခဲ့ရာ သေဆုံးသူဟာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှာနေထိုင်တဲ့ မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေဟာ သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နဲ့ သူရဲ့ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင်(၁၈)နှစ်တို့ဖြစ်တာကို စုံစမ်းဖော်ထုတ်သိရှိတာကြောင့် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ နေအိမ်အသီးသီးကနေ ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်ရဲ့ နေအိမ်ကနေ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့တဲ အဝတ်အစားတွေ စတီးဓား ၂ ချောင်း၊ သေဆုံးသူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် တရားခံ အောင်ခန့်ကျော်ဇင်နဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့တဲ့ အေမွန်အောင်တို့ကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PAN