KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံး


(မှုခင်း) စက်တင်ဘာ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်နေ့က KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများမှ ဖြစ်စဉ်အား စိစစ်ခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာနေ ဦးအောင်မွန်သစ်၊ ၃၅ နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဆိုင်းနွန်၊ ၃၅ နှစ်နှင့်အတူ ၎င်းတို့အလုပ်လုပ်ကိုင်သည့် သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာကြားရှိ ရော်ဘာခြံ၌ ရှိနေစဉ် KNU အကြမ်းဖက် အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN