စကားပြောနည်း

(ဆောင်းပါးကဏ္ဍ) စက်တင်ဘာ ၂၅
ဆရာကြီးပီမိုးနင်း(၁၈၈၃-၁၉၄ဝ) ၁၉၃၉ စက်တင်ဘာ ဒဂုန်မဂ္ဂဇင်းမှာ ရေးသားခဲ့သောဆောင်းပါး

    စကားအပြောကောင်းသူများမှာ တန်ခိုးရှိ၏ဟု လော့ဆားလစ်ဘာရီက ပြောဖူးလေသည်။ လူပရိသတ်အများကြီး၏ရှေ့၌ ၄င်းတို့အား မျက် ရည်ကျအောင်၊ ရယ်မောအောင် ၄င်းတို့၏စိတ်ကို နှိုးဆွ၍နေရခြင်းသည် စိတ်အားတက်ကြွစရာ ဖြစ်လေ သည်။ စကားပြောရာ၌ အောင်မြင်လိုသူသည် စကား ပြောခြင်း၏ နည်းဥပဒေများကို သိရလေသည်။

    အောင်မြင်ဖို့ရန် နားထောင်၍ ကောင်းအောင်ပြောရမည်။ စိတ်ပျော်ရွှင်စေရမည်။ သို့သော် လည်း ထိုမျှနှင့်မပြီးသေး။ ပရိသတ်များသည် ပြောသောစကားကို ယုံကြည်၍ပြောသည့်အတိုင်း ကျင့်စေရမည်။ သို့မှသာလျှင် အောင်မြင်သည်ဟု ဆိုရပေမည်။ တွေးအောင်၊ တစ်စုံတစ်ရာကို လုပ်ချင်အောင်မတတ်နိုင်သော ပြောဟောခြင်းသည် အဘယ်မျှပင်ကောင်းစေကာမူ အောင်မြင်သည်ဟုမဆိုနိုင်ပေ။ ထိုကဲ့သို့ ပြောသော စကား များသည် စိတ်ကိုနှိုးသောသတ္တိကင်းမဲ့လေသည်။ စကားပြောရာ၌ အောင်မြင်ဖို့ရန် အချက်အနည်း ငယ်ကိုစဉ်းစားဖို့လိုလေသည်။ ထိုအချက်များ သည် အောက်ပါအတိုင်းဖြစ်ကြလေသည်။

(၁) စာကိုဖတ်ပြီးမှတ်သားရမည်။
      စကားကောင်းကောင်းပြောနိုင်ဖို့ရန် စာကိုကောင်း ကောင်းဖတ်ရမည်။ စာဖတ်ဖို့အခွင့်အခါကြုံတိုင်းဖတ်ရမည်။ သို့သော်လည်း အထူးအရေးကြီးသောအချက်များကိုသာ နှုတ်တိုက်အာဂုံမှတ်ရမည်။ စာကိုအနှံ့ အပြား ဖတ်ရမည်ဖြစ်သော်လည်း မိမိလိုက်စားသောအကြောင်း အရာနှင့်ပတ်သက်သည့် စာတို၊ စာရှည်၊ မဂ္ဂဇင်းများကို အထူးမှတ်သားခဲ့ရမည်။သတင်းစာများ၊ မဂ္ဂဇင်းများမှ မှတ်ဖို့ကောင်း သောအချက်များကိုဖြတ်ယူ၍ စာအိတ်များ၌ထည့်ယူပြီးလျှင် အကြောင်းအရာကို ရေးသားမှတ်ထားရမည်။ ၄င်းအပြင် အက္ခရာအစီအစဉ်နှင့်တကွ ဖိုင်တွဲ၍ ထားရမည်။ စာမျက်နှာအရှင်များနှင့် နုတ်စာအုပ်တစ်ခုမှာ အမှတ်အသားပြု၍ထားခြင်းသည် အလွန်အသုံး ဝင်လေသည်။ စာအုပ်များသည်သာလျှင် အားကိုးရာမဟုတ်၊ စကားပြောဆိုခြင်း၊ဆွေးနွေးခြင်း၊ တရားနာခြင်း၊ အသံလွှင့်စက်များ ကိုနားထောင်ခြင်း၊ ကိုယ်တိုင်မြင်သမျှကြားသမျှကို မှတ်သားခြင်းပြုရမည်။ ၄င်းအမှတ်အသားတို့သည် မိမိပြောလိုသော စကားကိုပြင်ဆင်ရာ၌ များစွာအသုံးဝင်လိမ့်မည်။ စကားပြောဆိုခြင်း၌ အောင် မြင်လိုသောသူသည် မိမိပညာကို နက်နဲစွာတတ်ဖို့ကိုလည်း ကောင်း၊ အတွေးအခေါ် အမြင်ကျယ်ဖို့ရန်လည်းကောင်း နည်းလမ်းရှိသမျှအသုံးပြုရမည်။

(၂) သေချာစွာပြင်ဆင်ခြင်း။ 
      အကြမ်းအားဖြင့် ပြင်ဆင်ခြင်းသည် မပြီးပေ။ သို့သော် လည်း အများအားဖြင့် အကြမ်းလောက်သာ ဖြေဆိုကြလေသည်။ သို့အတွက် ဟောပြောသူများမဖြစ်၊ စကားပြောသူများသာဖြစ်ကြလေသည်။ အောင် မြင်အထမြောက်ဖို့ရာ အထူးကြိုးစား၍ လေ့ကျင့်သင်ကြားရလေသည်။ မိမိပြောလိုသောအကြောင်းနှင့် ပတ်သက်၍သိစရာ၊ မှတ်စရာတွေများနိုင်သမျှများနိုင်အောင်စုဖို့လိုလေသည်။ အကိုးအကားပြုလုပ်ဖို့ရန်အချက်များကို မှတ် သား၍ထားရလေသည်။

    အငြင်းအခုံ၊ အတိုက်အခံစကားမျိုးဖြစ်ချေကတစ်ဖက်သား၏ သဘောထင်မြင်ချက်ကိုသိဖို့ရန် ထိုအကြောင်းအရာနှင့်ပတ်သက်သောအချက်အားလုံးတို့ကိုသိဖို့လိုလေသည်။ ထိုအခါပြောသော အချိန်၌ အသင့်မှတ်သား၍ထားသောသတင်းစာတွေ၊ စာအုပ်များထဲမှ ကူးယူသော အချက်တွေ၊ မှတ်သားစရာအတိုအထွာတွေနှင့် သင်၏ကိုယ်ပိုင်ပညာများ၏ အစွမ်းဖြင့် ပရိသတ်များသည်အသင့်ကို အသင့်ပြောသော အကြောင်းအရာများနှင့် ပတ်သက်၍အထူးတတ်ကျွမ်းနားလည်သူတစ်ယောက်ဟု မှတ်ထင်ကြလိမ့်မည်။ ထိုအခါ ရိုရို သေသေနားထောင်ကြလိမ့် မည်။ အသင်စ၍မပြောမီ ပရိသတ်များ၏ လိုလားစိတ်ကို ရ၍နေခြင်းသည် တစ်ဝက်အောင်မြင်ပြီးဖြစ်သည်ဟုဆိုရပေမည်။

(၃) ဟောပြောမည့် အကြောင်းအရာများကို စီစဉ်ခြင်း။
  သင်ပြောလိုသောအကြောင်းကို သိရှိနားလည်ကျွမ်းကျင်ခြင်းက တစ်မျိုး၊ နားထောင်သောသူများ ၏စိတ်ကို လှုပ်ရှားနိုးကြားအောင်လုပ်ခြင်းကတစ်မျိုး။ စကားပြောရာ၌ ကျောင်းသားများအား ဆရာသည်ပြောသကဲ့သို့ သင်သည် ပြောမည်မဟုတ်ပေ။ အများဆုံးသောအားဖြင့် သင်ပြောမည့် အကြောင်း အရာနှင့်ပတ်သက်၍ နားမလည်သော ယောက်ျား၊ မိန်းမများကို သင်ဟော ပြောရလိမ့်မည်။ သို့သော် လည်း ဘယ်လိုအကြောင်းများပြောပါလိမ့်မလဲဟုလာရောက်နားထောင်ကြသော ပရိသတ်များဖြစ်ကြပေလိမ့် မည်။သို့ဖြစ်လေရာ အောင်မြင်ဖို့ရန် ဘယ်လိုပရိသတ်မျိုးကို ငါဟောမလဲဟု မိမိဟောပြောမည့် ပရိသတ်များ၏ အမျိုးအစားအလိုက်၊ မိမိဟောပြောမည့်စကားများကိုစီစဉ်ရလေသည်။စကားမှာ သုံးပိုင်းရှိ၏။
(၁) အချီး
(၂) အငြင်းအခုံစကား
(၃) နိဂုံး
    ပထမအချက်နှင့် တတိယအချက်သည် လွန်စွာအရေးကြီးသော်လည်း တိုတိုတုတ်တုတ်နှင့်အချက် ကျစေရမည်။ ဒုတိယအပိုင်းမှာ တကယ့်အပိုင်းဖြစ်လေသည်။

    ပထမအချီးမှာ စိတ်ဝင်စားစေရာ၏။ စိတ်ကို လှုပ် ရှားနိုးကြားစေသော ပေါ်ပင်အကြောင်းအရာတစ်ခုခုဖြစ်စေရာ၏။ သို့မဟုတ် ရယ်စရာစကားတစ်ခုခုဖြစ်စေရမည်။ ထိုစကားမျိုးသည် အသင့်ကိုယ်ကို ပရိသတ်နှင့်အလွမ်းသင့်အောင်ပြုလုပ်ခြင်းဖြစ်လေသည်။ အချိန်ကိုမဖြုန်းဘဲ သင်ပြောလိုသောအချက်ကိုရှင်းရှင်းလင်းလင်း တိုတို တုတ်တုတ်ဖော်ပြရာ၏။ ဒုတိယအတိုက်အခံ .. စကားမှာ အသင် ပြောလိုသောအကြောင်းအရာကို ထောက်ခံသောအချက်သုံးချက်၊ လေးချက်ကို အသင်မှတ်သားထားသောအစုမှ ရွေးချယ်ရမည်။ ခေါင်းစဉ်တစ်ခု၏ အောက်၌ ဆီလျော်သောအကြောင်းအရာများ၊ ရယ်စရာအချက်များပါစေရာ၏။အပြောင်းအလဲအမျိုးမျိုးရှိရလေသည်။အကြောင်းမူကား ပရိသတ်များသည်တစ်ယောက်နှင့်တစ်ယောက်မတူကြပေ။ ဤကဲ့သို့ ရွေးချယ်စိစစ်ပြီးနောက် သင်ပြောလိုသောအချက်များကိုအစီအစဉ် ပြုရမည်။ အရေးအကြီးဆုံးသောအချက်က စ၍ပြောရမည်။ ထိုအချက်မှာ ပရိသတ်အားလုံးနားလည်၍ သဘောကျနိုင်သောအချက် ဖြစ်စေရာ၏။ ဤနေရာကစ၍ တစ်စ တစ်စလိုရင်းအချက်ရောက်အောင် ချီတက်၍ သွားရမည်။ ထိုအခါငြင်းချက် အားလုံးသည် ချောချောမောမောအဆုံးသို့ ရောက်၍သွားလိမ့်မည်။ ပရိသတ်၏ စိတ်သည်လည်း သင့်စကားနောက်သို့ပါ၍ သွားလိမ့်မည်။

တတိယနိဂုံး။
    အင်မတန်ကောင်းသောတရားများသည် နိဂုံး၌ ပျက် စီးတတ်လေသည်။ သင်၏ နောက်ဆုံးသော စကား များသည် ငြင်းချက်၏ အဆုံးစကားနှင့်ဆန့်ကျင်ဘက်မဖြစ်စေရ။ စကားသည် မြဲမြံခိုင်ခံ့၍ စိတ်ကို စွဲငြိသောတိုက်ရိုက်စကားများဖြစ်စေရာ၏။ စကားအဆုံး၌ ချက်ချင်းထိုင်ရမည်။

(၄) မှတ်သားထားသောအချက်များကို အကြမ်းစီစဉ်ရမည်။
    လက်ရေးကိုဖတ်၍ ပြောဟောခြင်းသည် လက်ရေးကိုမဖတ်ဘဲ ပရိသတ်ကိုကြည့်၍ဟောပြောခြင်းလောက် မကောင်းနိုင်ပေ။ ပရိသတ်နှင့် မျက်လုံးဆိုင်၍ပြောခြင်းသည် စိတ်ချင်းတွေ့သကဲ့သို့ဖြစ်သဖြင့် လွန်စွာအဖိုးတန်လေသည်။ စာကိုဖတ်၍ပြောရာ၌ ဤအချက်ကင်းမဲ့လေသည်။ စကားကိုအပြေးပြောခြင်း၌ အကြမ်းမှတ်သားထားသောအချက်များကို စာမျက်နှာအရှင်တပ်၍ထားသော နုတ်စာအုပ်၌ ရေးမှတ်အသုံးပြုခြင်းသည် သင့်လျော်လေသည်။ ဤမှတ်သားချက်များသည် အရေးကြီးသောခေါင်းစဉ်များ၊ အရေးကြီးသော စကားများ၊ ဆင်ခြေဆင် လက်များ၊ ပုံသက်သေစကားများအကိုးအကားများအောက် ၌ ဖော်ပြသကဲ့ သို့ပါလျှင်လုံလောက်လေသည်။

    အချိန်မှန်အောင် ရောက်ရမည်။ အရောက်နောက် ကျသဖြင့် မောကြီးပန်းကြီး အသက်ရှူ၍ နေသောသူသည် မအောင်မမြင်ဆုံးရှုံးမည့်သူဖြစ်လေသည်။ ထ၍မပြောမီ ပရိသတ်ကိုအောင်မြင်မည့်သူအနေနှင့် ရဲရင့်စွာစိတ်ချလက်ချ ကြည့်ရမည်။ ထခိုက်မှာ လေးနက်စွာ သက်ပြင်းရှူရမည်။ ထိုအခါ ရဲရင့်သောစိတ်ပေါ်၍လာလိမ့်မည်။ အသံမှာ တုန်လှုပ်ထစ်ငေါ့ခြင်းမရှိပေ။ အသင့်ပြင်ဆင်ပြီးဖြစ်စေရမည်။ အမှတ် အသားများကိုရှင်းရှင်းထားရမည်။ စိတ်အားသန်ရမည်။

(၆) စကားပြောရာ၌ အသံကို မကြားရလျှင် အဘယ်မျှလောက် ပြင်ဆင်၍ ထားသော်လည်း အောင်မြင်မည်မဟုတ်ပေ။
    ဤစကားသည် လူတိုင်းသိသောစကားဟုပြောကြပေလိမ့်မည်။ သို့သော်လည်း သတိလစ်တတ် သည်။ ဤအချက်ကို မေ့လျော့သဖြင့် ဆုံးရှုံးသော စကား ပြောကောင်းသူများရှိကြလေသည်။ စကားကိုရှေ့သို့ပစ်၍ သဲသဲကွဲကွဲပြောရာ၏။ ပရိသတ်နောက်ဆုံး၌ရှိသောအဝေးဆုံးသောလူတစ်ယောက်ကြားအောင် မှန်းထားပြောဆိုရမည်။ ၄င်းလူ လွယ်ကူစွာကြားဟန်ရှိချေက အခြားပရိသတ်များသည် ကြားမည်ဟုလွယ်ကူစွာသိစေရမည်။ စကားတိုတိုတုတ်တုတ်၊ ရှင်းရှင်းနှင့်ရိုးရိုးပြောရမည်။

(၇) အောင်မြင်သောစာအုပ်များ၊ အောင်မြင်သောပန်းချီကားများ၊ တေးဂီတများမှာ ရယ်မောခန်းနှင့် ဝမ်းနည်းခန်း၊ အလင်းနှင့်အမှောင်၊ အမြန်နှင့်အနှေးစိတ်၏ လှုပ်ရှားခြင်းအမျိုးမျိုးရောစပ်သည့် နည်းအတိုင်းပြောဟောရာ၌လည်း အမျိုးမျိုး ရောစပ်ရာ၏။ ပရိသတ်များ အမြဲစိတ်ဝင်စား၍နေဖို့ရန် အလွန်အရေးကြီးလေသည်။
     အဖြစ်အပျက်အသစ်အဆန်းများ အကြောင်း အရာများ၊ ပုံသက်သေများ၊ကိုယ်တိုင်တွေ့ဖူးသော အကြောင်းအရာများ၊ ပုံတိုပတ်စများ၊ ရယ်မောစရာအချက်များ၊ ဂုဏ်သိက္ခာနှင့်ဆိုင်သော အရာများ၊ ၄င်းအရာများကိုရောပြွမ်း၍ ဟောပြောရာ၏။ ကိုယ်ဟန်လက်ဟန်များ၊ အသံအနိမ့်အသံမြင့်၊ အမြန်အနှေး၊ ရုတ်တရက်ဆိုင်းရပ်ခြင်း ..ဤအရာများသည်ပရိသတ်မငြီးငွေ့စေဘဲ စိတ်ကိုထိခိုက်နိုင်သောအရာများဖြစ်ကြလေသည်။

(၈) ဟောပြောခြင်း၌ တစ်လျှောက်လုံးမှာ ရည် ရွယ်ချက်တစ်ခုကို မှန်မှန်ကြီးထားရမည်။
    ဤရည်ရွယ်ချက်ကို စိတ်ထဲ၌အစဉ်တစိုက်စွဲလျက် ဘယ်မှာ အဆုံးသတ်မည်ဟူသောအချက်ကို စဉ်းစား ၍ထားရမည်။ အချက်ကြီးအားလုံး တို့ကိုတစ်ချက်စီတစ်ချက်စီ ပြောပြီးသည့်နောက် အဖျား၌ စကားတစ်ပိုဒ်နှစ်ပိုဒ်နှင့်သိမ်းရုံးရမည်။ ၄င်းနောက်ပြုစေချင်၊ လုပ်စေချင်သောအချက်များကိုတိုက်ရိုက်တောင်းပန် ၍အဆုံးသတ်ရမည်။

#PAN