မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားရာ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးတွင် ယနေ့နံနက် ၄နာရီကျော်အချိန်ကယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထို့နောက်ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး ထွက်ခွာခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၄နာရီ၃၅မိနသ်အချိန်တွင် လူနာအား ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကျား(၁)ဦး(သေဆုံး)နှင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား တာမွေကွန်ယက် ပရဟိတအသင်းမှ သူနာတင်ယာဉ်၊ ရှင်သန်ရေး ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလားတူ ကြည့်မြင်တိုင်မြို့နယ်ရှိ ဗားကရာချောက်တွင် ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်က ခရီးသည်တင် YBS ကားနှင့် Light Truck ကားတို့တိုက်မိခဲ့ကြောင်း၊
Light Truck ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ ညှပ်နေခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်း​၍ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း၊ ညနေ ၅ နာရီ ၂၃ မိနစ်ခန့်တွင် ကားခေါင်းခန်းအတွင်း၌ညပ်နေသည့် ကားမောင်းသူအားကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။