လျှပ်စစ်မီးကြိုးခိုးလို့ ၆(၁) နဲ့ထောင်ကျနေတဲ့ အကျဥ်းသား ရုတ်တရက်မောကြပ်ပြီး သေဆုံးမှုကို Khit Thit နိုင်ငံရေးအကျဥ်းသားခေါင်းစဥ်တပ်ကာ မဟုတ်မှန်စွပ်စွဲဟုဆို


(ပြည်တွင်း) စက်တင်ဘာ ၂၂

လျှပ်စစ်မီးကြိုးခိုးယူမှုနဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆(၁)နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ အကျဉ်းသားတစ်ဦး မုံရွာဆေးရုံကြီးမှာဆေးကုသမှုခံယူနေစဥ် သေဆုံးသွားတယ်လို့ သိရပါတယ်။

အကျဉ်းသား ဇော်မင်းဦး (ဘ)ဦးလှငွေဟာ အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေသကဲ့သို့ ဖြစ်ခြင်း၊ ရင်ညွန့်နေရာကနေ အောင့်ခြင်း၊ ဆီးအရောင်ဝါခြင်းစတဲ့ ရောဂါလက္ခဏာမတွေ ခံစားနေရပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက်မှာ အကျဉ်းထောင်ဆေးခန်းကို လာရောက်ပြသတာကြောင့် အကျဉ်းထောင်ဆရာဝန်က စမ်းသပ်စစ်ဆေးခဲ့ရာ အဖျားမရှိခြင်း၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း ပုံမှန်ဖြစ်ခြင်း၊ ရင်ညွန့်နေရာမှာ လက်နဲ့ဖိစမ်းသပ်ပါက အနည်းငယ်နာသည်မှလွဲလို့ ကျန်အစိတ်အပိုင်းအားလုံး ပုံမှန်ဖြစ်ခြင်း၊ လူနာရဲ့ ရာဇဝင်နဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ အစာအိမ်ရောင်ခြင်းနဲ့ အသည်းအနည်းငယ် ရောင်နေတာကြောင့် လိုအပ်တဲ့ဆေးဝါးကုသမှုတွေဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂ ရက်နေ့မှာ အကျဉ်းသားဟာ ရုတ်တရက်မောကြပ်လာလို့ မုံရွာပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ကာ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

အကျဉ်းသားလူနာဟာ စက်တင်ဘာ ၃ ရက် ည ၇ နာရီ မိနစ် ၄၀ အချိန်ခန့်မှာ ဆေးကုသမှု ခံယူနေရာက နှလုံးကြွက်သား လျော့တွဲအားနည်းရောဂါကြောင့် ရုတ်တရက် နှလုံးခုန်ရပ်တန့်ကာ သေဆုံးသွားခဲ့တာဖြစ်လို့ မိသားစုဝင်တွေထံကို အကြောင်းကြားပြီး မိသားစုဝင်တွေနဲ့အတူ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအကျဥ်းသသေဆုံးမှုနဲ့ပတ်သက်ပြီး Khit Thit Media အမည်ခံ Facebook Page က မုံရွာအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းဦး အသက်ရှုကြပ် အမောဖောက်စဉ် အကျဉ်းဦးစီးဌာနက ဆေးကုသပေးရန်နှင့် ဆေးရုံပို့ပေးရန် ငြင်းဆန်သဖြင့် သေဆုံးသည်ဟု စက်တင်ဘာ ၄ ရက်က မဟုတ်မမှန် စွပ်စွဲရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/သူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျုးလွန်တာကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေသာရှိတယ်လို့ အကျဥ်းဦးစီးဌာနထံကသိရပါတယ်။

Khit Thit Media က ဖော်ပြထားသလို ဆေးဝါးကုသခွင့်မရလို့ သေဆုံးရတဲ့ သေဆုံးအကျဉ်းသားတွေ လစဉ်ပိုမိုတိုးလာတယ်ဆိုတာ မှန်ကန်မှုမရှိတဲ့အပြင် အကျဉ်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမရှိသလို LGBT အကျဉ်းသား အချို့အပေါ် အကျဉ်းဦးစီးဌာနက လက်သပ်မွေးထားတဲ့ ရာဇ၀တ် အကျဉ်းသားတွေက လိင်ပိုင်းဆိုင်ရာ စော်ကားတယ်ဆိုတာကလည်း မှန်ကန်မှုမရှိဘူးလို့ အကျဥ်းဦးစီးဌာနက ဆိုပါတယ်။

အကျဥ်းသားတွေကို အကျဉ်းထောင် ဆေးခန်းမှာ ဆေးဝါးအပြည့်အစုံနဲ့ ကုသပေးနေပြီး သက်သာမှုမရှိပါက ပြည်သူ့ဆေးရုံကြီးကို တင်ပို့ကုသပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

တကယ်လို့ အကျဉ်းသားတွေ သေဆုံးမှုရှိပါက မိသားစုထံ ဆက်သွယ်ဆောင်ရွက် ပေးလျက်ရှိသလိုဘယ်လို အကျဉ်းသားကိုမဆို ခွဲခြားဆက်ဆံမှုမပြုဖို့ နှိပ်စက်ညှင်းပန်းမှုတွေမရှိအောင် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ထို့အတူ Mizzima News in Burmese အမည်ခံ Facebook Page က ဘားအံ အကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၁ ဦး ၃ လကြာ တိုက်ပိတ်ခံထားရပြီး ၁ ဦး သေဆုံးတယ်လို့ မဟုတ်မမှန် စွပ်စွဲရေးသား ဖော်ပြခဲ့တာလည်းရှိတယ်လို့ အကျဥ်းဦးစီးက ပြောပါတယ်။

ဘားအံအကျဉ်းထောင်မှာ ဇွန် ၁၄ ရက်က ရှာဖွေရေးပြုလုပ်ရာမှာ အကျဉ်းသား သူရအောင် (ဘ)ဦးမြင့်သိန်း ပိုင်ဆိုင်တဲ့ keypad ဖုန်း ၁ လုံး၊ အားသွင်းကြိုး(၁)စုံတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ခုလိုသိမ်းဆည်းရမိခဲ့တဲ့အတွက် အကျဉ်းသား သူရအောင် (ဘ)ဦးမြင့်သိန်းကို အကျဉ်းထောင် အက်ဥပဒေပုဒ်မ-၄၂ နဲ့ ဘားအံမြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့ကာ မြို့နယ်တရားရုံးမှ ပြစ်ဒဏ် ၆ လ ချမှတ်ခဲ့ခြင်းသာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ အမှတ်(၁)အိပ်ဆောင်က အကျဉ်းသား ၃ ဦး၊ အမှတ်(၄)အိပ်ဆောင်က အကျဉ်းသား ၁၀ ဦး၊ ဦးဆောင်သူ စုစုပေါင်း ၁၃ ဦးကို အကျဉ်းထောင်နည်းဥပဒေအပိုဒ် ၈၁၈ အရ သီးခြားခွဲခြားထားရှိခြင်း၊ အကျဉ်းထောင် နည်းဥပဒေအပိုဒ် ၈၃၈ အရ သာမန်လျှော့ရက်ဖြတ်တောက်ခြင်း၊ အကျဉ်းထောင် နည်းဥပဒေ အပိုဒ် ၈၄၇ အရ အထူးလျှော့ရက်ဖြတ်တောက်ခြင်း၊ အကျဉ်းထောင် နည်းဥပဒေအပိုဒ် ၈၄၂ အရ တစ်နှစ်ပတ်လုံး စည်းကမ်းကောင်းမွန်စွာနေထိုင်သည့် ဆုမှတ် ၁၅ ရက် ဖြတ်တောက်ခြင်း စတဲ့ ပြစ်ဒဏ်တွေကို အကျဉ်းထောင် နည်းဥပဒေနဲ့အညီ စီမံခန့်ခွဲရေးပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဘယ်လို အကျဉ်းသား တစ်ဦးတစ်ယောက်ကိုမျှ ရိုက်နှက်ခဲ့ခြင်းမရှိဘူးလိုလည်း အကျဥ်းဦးစီးဌာနကပြောပါတယ်။

ထို့အတူ ဘားအံအကျဉ်းထောင်တွင် အကြမ်းဖက်-၅၂(က) အရ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ အကျဉ်းသား ဉာဏ်မင်းထွန်း (ဘ)ဦးသန်းထွန်းဟာ အကျဉ်းထောင်အတွင်းမှာ နေထိုင်စဉ် နှလုံးသွေးကြောကျဉ်း၊ အဆုတ်ပိုးဝင်ခြင်း၊ ဝမ်းပျက်ခြင်း၊ နှလုံးကြွက်သား အားနည်းခြင်းရောဂါဝေဒနာများ ခံစားခဲ့ရတာကြောင့် အကျဉ်းထောင်ဆရာဝန်က လိုအပ်တဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီအကျဉ်းသားဟာ ပြင်ပတွင်နေထိုင်စဉ်ကပင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာလကြာရှည်စွာခံစားနေသူ၊ အဝလွန်ကဲသူ ဖြစ်တဲ့အတွက် အကျဉ်းထောင်ကို ရောက်ရှိချိန်မှာ အကျဉ်းထောင်ဆေးခန်းမှာ အမြဲတစေ ဆေးဝါးကုသမှု ခံယူနေရသူတစ်ဦးဖြစ်ပြီး ဇူလိုင် ၁၄ ရက် နံနက် ၁ နာရီ ၁၅ မိနစ်မှာ အသက်ရှူကြပ်ခြင်း၊ မောခြင်းတို့ကြောင့် ဘားအံပြည်သူ့ဆေးရုံကြီးကို အရေးပေါ်တင်ပို့ကုသခဲ့ပြီး ဘားအံ ပြည်သူ့ဆေးရုံကြီး၊ တာဝန်ခံဆရာဝန်က ဆေးဝါးကုသမှုပေးခဲ့သော်လည်း နှလုံးအတွင်း သွေးခဲတွေပိတ်တဲ့ ရောဂါဝေဒနာနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် Mizzima News in Burmese အမည်ခံ Facebook Page က ဖော်ပြထားသလို အကျဉ်းသားတွေ ကျဉ်းကြပ်စွာ နေထိုင်ရတယ်ဆိုတာကလည်း မှန်ကန်မှုမရှိဘဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က အကျဉ်းထောင်ရဲ့ အရှေ့ဘက် ပင်မအုတ်ရိုး ပြိုကျမှုကြောင့် ပြန်လည်ပြုပြင်နေစဉ် အုတ်ရိုးနဲ့ ကပ်လျက်ရှိတဲ့ အမှတ်(၄) အိပ်ဆောင်က အကျဉ်းသားတွေကို အမှတ်(၅)အိပ်ဆောင်ကို အကျဉ်းသားတွေ ခေတ္တပြောင်းရွှေ့ခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဇွန်လမှာ ပြန်လည်ပြုပြင်ပြီးဖြစ်တဲ့အတွက် မူလထားရှိတဲ့ အိပ်ဆောင်တွေအတိုင်း ပြန်လည်ထားရှိပြီးဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနထံကသိရပြီး Khit Thit Media အမည်ခံ Facebook Page ကပြောဆိုချက်တွေဟာ မဟုတ်မှန်ဘူးလို့ ပြောဆိုထားပါတယ်။

PAN