
(ဆောင်းပါးကဏ္ဍ) စက်တင်ဘာ ၂၃
နေဇင်လတ်
ကာတာမှာရှိတဲ့ ဟားမက်အကြမ်းဖက်တွေ ခိုအောင်းနေတဲ့ ဒိုဟာက အဆောက်အဦတချို့ကို အစ္စရေးက ၉- ၉- ၂၅ ရက်နေ့မှာ တိုက်လေယာဉ် ၁၅စီး၊မစ်ဇိုင်းဆယ်လုံးကျော်နဲ့ လျှပ်တစ်ပြက်တိုက် ခိုက်သွားခဲ့တယ်။ ခရီးရှည်ပျံသန်းရတဲ့အတွက် လေထဲမှာဆီဖြည့်ပြီးစစ်ဆင်ရေးလုပ်သွားတာပါ။ ဟားမက်အကြမ်းဖက်ငါးဦးကိုသုတ်သင်လိုက်နိုင်ခဲ့တယ်လို့ဆိုတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလဲဗစ်က သတင်းရှင်းလင်းပွဲမှာ –
“အစ္စရေးရဲ့အခုလိုတိုက်ခိုက်မှုဟာမကျပါဘူး။စိတ်မသက်မသာဖြစ်ရတယ်။ အမေရိကန်ရဲ့ရည်မှန်းချက်ကို မြှင့်တင်ရာ ဒါပေမဲ့အကြမ်းဖက်ခေါင်းဆောင်တွေကို သုတ်သင်လိုက်နိုင်တဲ့အတွက် တန်ပါတယ်”လို့ ပြောခဲ့တယ်။
ဝိဝါဒကွဲပြားမှု ဖြစ်လာတယ်။ သတင်းတချို့က ထရမ့်ဆီက မီးစိမ်းပြလို့ အစ္စရေးက ဒိုဟာကိုတိုက်ခိုက်ခဲ့တာလို့ဆိုပြီး တချို့သတင်းကအစ္စရေးအနေနဲ့ သူ့ဆုံးဖြတ်ချက်နဲ့သူတိုက်ခိုက်တာဆိုပြီးဖြစ်လာတယ်။ ကာတာအစိုးရပြောတာက –
“ထရမ့်အနေနဲ့ အခုလိုတိုက်ခိုက်မှုအပေါ်ကြိုတင်အသိမပေးခဲ့ဘူး” လို့ပြောသလို ထရမ့်ကလည်း ကြိုတင်အသိပေးခဲ့ပါတယ်”လို့ ဆိုတယ်။ ဒီစကားအသွားအလာအရဆိုရင် အမေရိကန်သိထားတာကတော့ သေချာသွားပါပြီ။ အစ္စရေးကို မတားနိုင်ခဲ့တာလား၊ မတားပဲလွှတ်ပေးလိုက် တာလား ၊ ဝိနည်း ရှောင်မျက်လုံးမှိတ်ပေးလိုက်တာလား ဆိုတာဖြစ်လာတယ်။
ကာတာကို အစ္စရေးတိုက်ခိုက်မှုမှာ အမေရိကန်သိတာကတော့သေချာသွားခဲ့ပါပြီ။
ကိုယ့်ရှုထောင့်နဲ့ကိုယ်မှန်ကြတယ်
အမြင်အမျိုးမျိုး၊ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အားလုံးနီးပါးက အစ္စလာမ်ဘာသာဝင်တွေပါ။ Bush (Jr) လက် ထက် 9-11 WTO အကြမ်းဖက်တိုက်ခိုက် ခံရမှုကစပြီး ၂၀၀၁ ကတည်းက အရှေ့အလယ်ပိုင်းကို အမေရိကန်တွေအခြေခံပြီး New World Order ကြိုးစားခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမီဟုန်းဟုန်းတောက်နေတာ ဒီနေ့အထိပဲ။ အဲ့ဒီလိုဖြစ်စေတာကလည်း WTO Twin Tower ကို အိုစမာဘင်လာဒင်က အကြမ်းဖက်တိုက်ခဲ့လို့ဆိုပြီးအမေရိကန်က အကြောင်းပြတယ်။
အရှေ့အလယ်ပိုင်းအစ္စလာမ်နိုင်ငံတွေက အမေရိကန်ကိုမကျေနပ်ကြဘူး။ တော်လှန်ချင်ကြတယ်။ အမေရိကန်ကလည်း အကြမ်းဖက်တွေအများစု – အခြေ ခံရာက အရှေ့အလယ်ပိုင်းဆိုပြီး ရှုမြင်ထားတယ်။ ရှုထောင့်နှစ်ခုက ညီမျှခြင်းချလို့မရကြဘူး။ ဒီတော့တစ်ပြန် တစ်လှည့်အလစ်အငိုက်ရတဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက်တိုက် ခိုက်လာကြတော့တယ်။
အရှေ့အလယ်ပိုင်းဒေသဟာ ရုတ်တရက် ရေနံတွေ့ချမ်းသာလာကြပြီး စီးပွားရေးကောင်းကြတယ်။ လူဦး ရေပေါက်ဖွားနှုန်းမြင့်တယ်။ အစ္စလာမ်ဘာသာဝင်ချင်းစည်းရုံးကြတယ်။ အတိတ်မှာလည်း Crusade စစ်ပွဲတွေဖြစ်ထားခဲ့ဖူးလေတော့ ခရစ်ယာန်တွေက အစ္စလာမ်တွေ အင်အားကြီးထွားလာမှာကို စိုးရိမ်နေကြတာတော့အမှန်ပဲ။
မဲရဖို့ လစ်ဘရယ်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအပြိုင်အဆိုင်ကြိုးစားကြရာကနေ၊ ရွှေ့ပြောင်းတွေကို ရေပန်းစားအောင် လက်ခံခဲ့ကြရာကနေ ရွှေ့ပြောင်းလူဦးရေတိုးပွားမှု မြင့်တက်လာတယ်။ ရာဇဝတ်မှုတွေတိုးပွားလာတာတွေက ဌာနေနိုင်ငံတွေကို ပြဿနာဖြစ်လာစေတယ်လို့ နောက်ပိုင်းမြင်လာခဲ့ကြတယ်။ UK မှာဆိုရင်လမ်းလယ်ခေါင်မှာ ဝတ်ပြုတာ၊ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲဝင်ပြီး အစ္စလာမ်ဘာသာဝင်အုပ်စုလိုက် ဝတ်ပြုလာကြတဲ့အထိဖြစ်လာပြီး ထိပ် တိုက်ဖြစ်မှုတွေကြုံလာခဲ့ကြတယ်။
ကိုယ့်အတတ်ကိုယ်စူး၊ ကိုယ့်ဆေး ကိုယ်မှားသောက်မိတဲ့လစ်ဘရယ်၊ ခရစ်ယာန်နိုင်ငံတွေ မရှူနိုင်မကယ်နိုင်ဖြစ်လာခဲ့ကြပါတော့တယ်။ ဒါတွေကို ကြိုမြင်ခဲ့တဲ့ အမေရိကန်ဟာအရှေ့အလယ်ပိုင်းမှာ အစ္စရေးကိုအင်အားတောင့်စေပြီး အစ္စရေးနဲ့ဒေသကြီးတစ်ခုလုံးကိုထိန်းညှိခဲ့ပါတယ်။ လောလောဆယ် ဂါဇာမှာ အီရန်နောက်ခံထားပြုထားတဲ့ Hamas တွေကို အစ္စရေးက အပြောင်ရှင်းလင်းရေးလုပ်နေပြီ။ ထွက် ပြေးပြီး ကာတာမှာ ရှောင်နေတဲ့ဟားမက်ခေါင်းဆောင်တွေကို အစ္စရေးက ကာတာအထိလိုက်ပြီး သုတ်သင်နေတာဖြစ်ပါတယ်။ ထိပ်တန်းခေါင်းဆောင်ကတော့ လွတ်သွားခဲ့ပါတယ်။ပထမတန်းခေါင်းဆောင်ငါးဦးကို သုတ်သင်လိုက်နိုင်တယ်လို့ အစ္စရေးဘက်က သတင်းထုတ်ပြန်ထားတယ်။ ဒီဖြစ်ရပ်က အတော်ဂယက်ရိုက်ခတ်သွားတယ်။ကာတာဝင်တိုက်မှုကို ဆော်ဒီကကန့်ကွက်တယ်။ဆော်ဒီမင်းသား MBS Mohammad Bin Salman co-
“ဒါဟာ နိုင်ငံတကာတရားဥပဒေကို ချိုးဖောက်တာ၊ ကာတာကို ရှိသမျှအစွမ်းကုန်ကူညီဖို့ အဆင် သင့်ဖြစ်နေပြီ” လို့ ပြောလာတယ်။ နိုင်ငံချမ်းသာပြီး သြဇာထက်မြက်တဲ့ MBS ဟာ အစ္စလာမ်နိုင်ငံတော်တော်များများရဲ့ခေါင်းဆောင်လည်းဖြစ်နေပါတယ်။ ကာတာကလဲ –
“အစ္စရေးဟာ State Terrorism နိုင်ငံအဆင့်အကြမ်းဖက်မှုဖြစ်တယ်။ ပြန်တုံ့ပြန်ဖို့ အခွင့် အရေးရှိတယ်” လို့ ပြောတယ်။ သေချာတာတစ်ခုကတော့ အစ္စလာမ်နိုင်ငံတွေအချင်းချင်းကျောချင်း ကပ်သွားကြဖို့ဖြစ်လာပါတယ်။
အတိတ်က Crusade စစ်ပွဲများ

Crusade စစ်ပွဲကို ဘာသာရေးစစ်ပွဲလို့ လူသိများကြတယ်။ မူလကတော့ နယ်မြေလုစစ်ပွဲပါ။ နောက် ပိုင်းဘာသာရေးစစ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ခရူးဆိတ်စစ်ပွဲများကို အဓိပ္ပာယ်ဖွင့်ရာမှာဘာသာရေးစစ်ပွဲအတွဲများဖြစ်ပြီး အရင်းခံအနေနဲ့ ခရစ်ယာန်များနဲ့ မွတ်စလင်တွေအကြားကြီးမြတ်သောမြေ Holy Land ကို ပိုင်ဆိုင်ဖို့ကြိုးစားရင်း ဖြစ်ခဲ့ရတဲ့စစ်ပွဲတွေလို့ဆိုတယ်။ အလယ်ပိုင်းခေတ်ကစတင်ခဲ့ပြီးလက်တင်ဘာသာ “Crux” က ဆင်းသက်လာတာပါ။အဓိပ္ပာယ်က “ Cross” ဆိုတဲ့ဖြတ်သန်းမှုဖြစ်ပါတယ်။ ကျော်ဖြတ်မှုလို့လည်း အဓိပ္ပာယ်ကောက်နိုင်တယ်။ ကမ္ဘာ့သမိုင်းမှာ ခရူးဆိတ်စစ်ပွဲကြီးပေါင်းရှစ်ကြိမ် ဖြစ်ခဲ့တယ်။
(၁) ၁၈၉၆ – ၁ဝ၉၉ သုံးနှစ်ကြာ
(၂) ၁၁၄၇ – ၁၁၄၉ နှစ် နှစ်ကြာ
(၃) ၁၁၈၉ – ၁၁၉၂ သုံးနှစ်ကြာ
(၄) ၁၂၀၂ – ၁၂၀၄ နှစ် နှစ်ကြာ
(၅) ၁၂၁၇ – ၁၂၂၁ လေးနှစ်ကြာ
(၆) ၁၂၂၈ – ၁၂၂၉ တစ်နှစ်ကြာ
(၇) ၁၂၄၈ – ၁၂၅၄ ခြောက်နှစ်ကြာ
(၈) ၁၂၇ဝ – ၁၂၇၁ တစ်နှစ်ကြာ
ရှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ခရူးဆိတ်မှာ လူပေါင်းသန်း “ရာ”ချီသေဆုံးခဲ့ပါတယ်။ တချို့သမိုင်းဆရာတွေက ငါးကြိမ်မြောက်စစ်ပွဲလို့ ရေးသားကြပြီး ပဉ္စမမြောက်ခရူးဆိတ်ဟာ (၁၂၀၈ – ၁၂၇၁) အထိ ကြာခဲ့တယ်လို့ ရေးသားကြတယ်။ ခရူးဆိတ်စစ်ပွဲအတွင်း နှစ်ဘက်သေကြေခဲ့ကြတဲ့ လူအရေအတွက်ဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွင်း သေကြေခဲ့သူ အရေ အတွက်ထက် အများကြီးပိုမိုတာတွေ့ရတယ်။
ဒီနေ့အနောက်အုပ်စုနဲ့အရှေ့အလယ်ပိုင်းထိပ်တိုက်တွေ့မှုတွေကတစ်ဆင့်ကျယ်ပြန့်လာမယ့် စစ်ပွဲဟာခရူးဆိတ်စစ်ပွဲတွေအထိ ကူးစက်သွားနိုင်တယ်လို့လည်း ပညာရှင်တွေကသတိပေးထားတာတွေ့ရတယ်။ အီရန်ကဆိုရင်လိုအပ်ရင် ဂျီဟတ်ခေါ်မယ်လို့ကြေညာထားတယ်။ ဂျီဟတ်ခေါ်တာနဲ့ ခရူးဆိတ်စစ်ပွဲစတင်ပြီလို့ပြောလို့ရမှာဖြစ်တယ်။ လောလောဆယ် တရားဝင် ဂျီဟတ်မခေါ်သေးပေမယ့် “မွတ်စလင်ဘာသာဝင်နိုင်ငံတွေစည်းရုံးဖို့၊ ကျောခြင်းကပ်ထားဖို့၊ စုပေါင်းခုခံကြဖို့ဆော်သြနေတဲ့ အခြေအနေအထိ တင်းမာနေတာ”ကို တွေ့နိုင်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းများနဲ့နောက်ခံ
စီးပွားရေး၊ စစ်ရေး၊ နည်းပညာမှာ အနောက် နိုင်ငံကလွန်စွာသာလွန်တယ်။ အစ္စလာမ်ဘာသာက ခရစ်ယာန်ဘာသာဦးရေကို မီကာနီးပြီ။ ဒီတော့ ခရစ်ယာန်တွေက စိုးရိမ်လာတယ်။ နိုင်ငံအဆင့် စစ်မက်ကို ရှောင်ရှားနိုင်ဖို့ အစ္စလာမ်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းတွေကို တည် ထောင်ခဲ့သလို၊ အမေရိကန်ကလည်း “သူ့ဓားနဲ့ သူ့ပြန်ထိုးဖို့ ” ISISတွေကို မွေးဖွားခဲ့တယ်။ ကမ္ဘာ့အင်အားအကြီးဆုံး အကြမ်းဖက်အဖွဲ့အစည်းဖြစ်
လာခဲ့တယ်။
ကမ္ဘာပေါ်မှာ မှတ်တမ်းဝင်အဆင့် အကြမ်းဖက် အဖွဲ့အစည်းပေါင်း ၈၄ ဖွဲ့ရှိပါတယ်။ ဒီနေ့သတင်းတွေမှာ နေ့စဉ်ရက်ဆက်နီးပါးတွေ့နေရတယ်။ ဟားမက်၊ ဟဇ်ဘိုလာ၊ ဟူသီသူပုန်တွေဆိုတာ အီရန်က ထောက်ပံ့ထားတဲ့ အကြမ်းဖက်နာမည်ကြီးတွေပါ။ ဒီလိုပဲ ဆော်ဒီအပါချမ်းသာတဲ့ နိုင်ငံတချို့ကလည်း အကြမ်းဖက်တွေကို တည်ထောင်ဖွဲ့စည်းထားကြပါတယ်။ “ခါးပိုက် ဆောင်တပ်” လို့ပြောရင်ရပါလိမ့်မယ်။
အရှေ့အလယ် ပို င်းဒေသဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ အများဆုံးအခြေတည်တဲ့ဒေသဖြစ်ပါတယ်။ အစ္စရေးဗုံးကြဲလိုက်တဲ့ Qatar နိုင်ငံမှာဆိုရင် Hamas တွေရဲ့ဌာနချုပ်တောင်ရှိ အခုထားတဲ့ နေရာဖြစ်နေပါတယ်။ အခြားအကြမ်းဖက်တွေလည်း ကိုယ်စီရုံးခန်းကြီးတွေနဲ့ ရှိနေကြတယ်။ ကာတာဟာ ကျည်ပွတ်နယ်မြေ၊ အကြမ်းဖက်ခေါင်းဆောင်တွေစုစည်းရာဖြစ်နေတယ်။
အကြမ်းဖက်တွေအင်အားတောင့်လာတယ်။ ဂါဇာမှာဆိုရင် မြေအောက်လိုဏ်ခေါင်းကြီးတွေတူးပြီး လက်နက်တွေသိုလှောင်ကြတယ်။ခေါင်းဆောင်တွေက ဆေးရုံအောက်တွေရဲ့မြေအောက်လိုဏ်ခေါင်းမှာ ဌာနချုပ်တွေဖွင့်ထားကြတယ်။ ဂါဇာကို အစ္စရေးက ဟားမက်အကြမ်းဖက်အပြောင်ရှင်းစစ်ဆင်ရေးလုပ်တယ်။ ကမ္ဘာမှာ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသုတ်သင်နေတယ်ဆိုပြီး ဖြစ်လာတယ်။ ပါလက်စတိုင်း တိုင်းက အကြမ်းဖက်ဟားမက်မဟုတ်ကြပေမယ့် ဟားမက်တိုင်းက ပါလက်စတိုင်းတွေဖြစ်နေ
ကြတယ်။
ထရမ့်ပထမသမ္မတသက်တမ်းမှာ ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တယ်။ ဒါဟာ အတော့်ကို လှုပ်ခတ်သွားစေခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ တစ်ကျော့ပြန် သမ္မတ ဒုတိယသက်တမ်းမှာ အပြင်းအပျော့တွေနဲ့ ဂါဇာတစ်ခုလုံးရှင်းလင်းရေးအတွက် ထရမ့်ကအစ္စရေးကိုအားပေးခဲ့တယ်။ မြို့သစ်ပြန်တည်ဆောက်မယ်လို့ အမေရိကန်က ကြေညာခဲ့တယ်။ အရှေ့အလယ်ပိုင်းအစ္စလာမ်ကမ္ဘာကြီးကို ချိန်ခွင်လျှာညှိဖို့ အမေရိကန်အတွက် အစ္စရေးက မရှိမဖြစ်ပါ။ အစ္စရေးကလည်း သူ့နိုင်ငံသေးသေးလေးကို နယ်မြေချဲ့လိုသူ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာ အီရန်ကဒေသတွင်း သြဇာထူ ထောင်နေတာအတော် ခရီးရောက်နေပါပြီ။ နျူကလီးယား ပိုင်ဆိုင်ရေးကို အသည်းအသန်ကြိုးစားနေတယ်။ အစ္စရေးနဲ့အမေရိကန်ကလည်း
အီရန်ကိုနျုပေးပိုင်လို့မရကြောင်း အတိအလင်းပြောထားတယ်။ ဒီမှာတင် ထိပ်တိုက်တွေ့ပြီး ၂၀၂၅ နှစ်ဦးမှာ အစ္စရေး – အီရန်စစ်ဖြစ်လိုက်ပါသေးတယ်။ အမေရိကန် B – 2 Bomber တွေက အီရန်ထဲဝင်ပြီး မြေအောက်နျူ သန့်စင်စက်ရုံတွေကို ဗုံးဝင်ကြဲရတဲ့အထိ ဖြစ်လာပါတယ်။
အီရန်နျူလက်နက်ပိုင်ရင် အစ္စရေး ကမ္ဘာ့မြေပုံပေါ်ကပျောက်မယ်။ ဒေသတစ်ခုလုံးကို အီရန်ကလွှမ်းမိုးသွားမယ်။ အမေရိကန်ကိုလဲအံတုလာမယ်။ ထိန်းချုပ်ရခက်သွားမယ်။ အစ္စလာမ် ကမ္ဘာကြီး အင်အားကြီးလာမှာကို အမေရိကန်က လက်ခံလို့မရ၊ အီရန်ဘက်ကလည်း အမေရိကန်ရဲ့ကြီးစိုးမှုကို လက်နက်ပိုင်မှသာ တွန်းလှန်နိုင်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ စူးတစ်ချောင်းဖြစ်နေတဲ့ အစ္စရေးကိုလည်း နျုပိုင်မှသာ စစ်ကို ပွင့်တူရွက်တူတိုက်နိုင်မှာဖြစ်တာကို သိထားတဲ့အတွက်ရှူပိုင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်။
ခရူးဆိတ်စစ်ကိုမျက်စောင်းထိုးကြပြီ
Hanas တွေကိုအီရန်က ထောက်ပို့ထားတယ်။ အီရန်နဲ့ ဆော်ဒီတို့က “ဆွန်နီ” ”ရှီအိုက်”ရယ်လို့ မတည့်ကြဘူး။ ကာတာမှာရှိတဲ့ဟားမက်တွေကို အစ္စရေးကလေကြောင်းက တိုက်ခိုက်လာတဲ့အခါမှာ ဆော်ဒီက ကာတာဘက်က ရပ်တည်ပေးတယ်။ ဘာကိုတွေ့နိုင်သလဲဆိုတော့ “ဆွန်နီ” “ရှီအိုက်” ဘယ်လိုကွဲပါစေ အရေးကြုံလာရင် ရင်ချင်းကပ်မယ်ဆိုတာတွေ့လာရတယ်။ ဒါဟာ ခရူးဆိတ်ကိုမျက်စောင်းထိုးနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်လာတယ်။
အစ္စရေး- အီရန် (၂၀၂၅- နှစ်လယ်)ပိုင်းဖြစ်တဲ့စစ်မှာ အီရန်ရဲ့ရာခိုင်နှုန်း ၆ဝ သန့်စင်ပြီးယူရေနီယံတွေကို အမေရိကန် ဗုံးကြဲမှုက မဖျက်ဆီးနိုင်ခဲ့ဘူး။ 400 kgmကို အီရန်ကကြိုတင်ရွေ့ပြောင်းလိုက်နိုင်တယ်။ ရာခိုင် နှုန်း ၉ဝ သန့်စင်ပြီးရင် နျူလက်နက်ထုတ်လို့ရပြီ။ အီရန်မှာတာဝေးပစ်ဒုံးပျံတွေက ရှိထားနှင့်ပြီ။ ရာခိုင်နှုန်း ၉ဝ သန့်စင်ပြီး ယူရေနီယံရသွားတာနဲ့ အနောက်အုပ်စုနဲ့ အီရန်ရဲ့ ချိန်ခွင်လျှာကအပြောင်းအလဲဖြစ်သွားပြီ။ ၂ဝ၂၅ နှစ် မကုန်မီမှာ အီရန်နျူမပိုင်ဆိုင်ရေးအတွက် အစ္စရေးက အီရန်ကို စစ်တစ်ခုပြုရလိမ့်ဦးမယ်ဆိုတဲ့ သတင်းကထွက်ထားပါတယ်။
လောလောဆယ် ထွက်လာတဲ့ သတင်းတချို့အရ အီရန်ရဲ့ယူရေနီယံသန့်စင်မှုကလည်း အတော်ခရီးရောက်နေပြီလို့ ဆိုတယ်။ နောက်တစ်ပွဲအတွက် အစ္စရေးရဲ့ ပထမတစ်ပွဲတုန်းကလို လေကြောင်းစိုးမိုးမှုမရရေးအတွက် တရုတ်က တိုက်လေယာဉ်တွေ၊ မစ်ဇိုင်းတွေ အကြီးအကျယ်ထောက်ပံ့နေပြီး စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေတယ်။ ဒီတစ်ခါ ၂ဝ၂၅ ရဲ့ ဒုတိယအစ္စရေး- အီရန်စစ်ပွဲဖြစ်လာရင် နှစ်ဘက်တိုက်ခိုက်မှုက ပထမ
အကြိမ်ထက် ပိုပြီး ပြင်းထန်လာမှာပါ။ အီရန် ဘက်က ရာခိုင်နှုန်း ၉ဝ ယူရေနီယံ ရဖို့နီးစပ်လာလို့ အပြင်း အထန်ကာကွယ်မှာဖြစ်သလို အစ္စရေးကလည်း လက် နက်ထုတ်အဆင့် ယူရေနီယံ မပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန်ဖျက်ဆီးရမှာဖြစ်လာပါတယ်။
အဲ့ဒီလိုအစ္စရေး-အီရန်နှစ်ဖက်ပြင်းထန်နေဆဲမှာပဲ ဂါဇာကိစ္စကလည်း ပြဿနာအထွတ်အထိပ် ရောက်လာခဲ့တယ်။ နိုင်ငံတကာကန့်ကွက်နေတဲ့ကြားက အစ္စရေးအနေနဲ့ဟားမက်အမြစ်ပြတ်ရေး ဂါဇာကို အပြောင်ရှင်းအမြစ်ဖြတ်လုပ်တယ်။ ဂါဇာက ဟားမက်ခေါင်း ဆောင်တွေ ကာတာကိုရှောင်ထွက်ကုန်ကြတယ်။ ဒီခေါင်းဆောင်တွေရှိနေသမျှ ဒီပြဿနာမပြီးဆုံးနိုင်ဘူးဆိုတာကိုသိတဲ့အတွက် ဟားမက်ခေါင်းဆောင်တွေ ပုန်းခိုရာ Qatarကို အစ္စရေးကဗုံးကြဲရပါတော့တယ်။ အမြင့်ဆုံးခေါင်းဆောင်လွတ်မြောက်သွားတဲ့အတွက် ကာတာမှာပဲ ဆက်ရှိနေမယ်ဆိုရင်အစ္စရေးဘက်က ထပ်ပြီးတိုက်ခိုက်ရပါလိမ့်ဦးမယ်။
Qatar တိုက်ခိုက်မှုမှာတော့ အစ္စလာမ်ကမ္ဘာရဲ့ ကျန်နိုင်ငံတချို့က အသံစထွက်လာခဲ့တယ်။ မကျေနပ်သံတွေ ညံလာတယ်။ ဒါကတစ်ခု၊ နောက်တစ်ခုက အစ္စရေး- အီရန်လာမယ့်စစ်ပွဲ၊အကြောင်းအရာတွေက အဲ့သလို တိုက်ဆိုင်လာတာမျိုးတွေ့ရတယ်။ ကာတာ ” တိုက်ခိုက်မှုမှာ ဆော်ဒီဘက်က “အပြည့်အဝအကူ အညီပေးမယ်” “အဆင်သင့်ဖြစ်နေပြီ” လို့ တရားဝင်ထုတ်ပြောလိုက်တာက ခုခံကာပေးလိုက်ခြင်း တစ်မျိုးဖြစ်ပါတယ်။
ကြီးမားပြီးစိန်ခေါ်မှုရှိတဲ့ မေးခွန်း တစ်ခုဖြစ်လာခဲ့ပြီ။
အီရန်ကိုနျူပိုင်ခွင့်ပေးပြီး အစ္စလာမ်ကမ္ဘာကြီး ကြီးထွားခွင့်ပေးမလား။ အမေရိကန်နဲ့ အနောက်ကမ္ဘာက ဘယ်လိုမှ ခွင့်ပေးမှာမဟုတ်ဘူး။ ဒါဆိုရင် တစ်ချိန်ချိန်မှာ ကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုဖြစ်လာရလိမ့်မယ်။ အခြားတစ်ဖက်က ပြန်ကြည့်ရင်လည်း အီရန် နျူက လီးယားမပိုင်ဆိုင်နိုင်သရွေ့အနောက်အုပ်စုနဲ့ အစ္စရေးတို့ရဲ့ခြေမှုန်းခြင်းကို အချိန်မရွေးခံရနိုင်တယ်။ ဒါ့ကြောင့် တန်းတူစကားပြောနိုင်ဖို့ စစ်ပြိုင်နိုင်ဖို့အီရန်အတွက် နျူလက်နက် လိုအပ်တယ်လို့ မြင်ကြတယ်။
ဒီအမြင်နှစ်ခုက ဘယ်တော့မှ ညီမျှခြင်းချလို့ရမယ့် အမြင်နှစ်ခုမဟုတ်ပါဘူး။
လက်ရှိကမ္ဘာ့အခြေအနေအရ နိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် အခန့် မသင့်ရင် အကဲဆတ်တဲ့ဖြစ်ရပ်တစ်ခုခုအပေါ် မီးပွားသာကျခဲ့မယ်ဆိုရင်- ကမ္ဘာနှစ်ခုရဲ့စစ်ပွဲဟာ အချိန်မရွေး ခရူးဆိတ်စစ်ပွဲအဖြစ် အသွင်ပြောင်းလဲသွားနိုင်တာကို တွေ့လာရပါတယ်။
#PAN