(ပြည်တွင်း) စက်တင်ဘာ ၁၄
၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်ကနေအပိုင်းလိုက်ခွဲက ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ထည့်သွင်းကျင်းပဖို့မရှိတဲ့ လွှတ်တော်မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်အရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ၉ နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ၅၆ နယ်တွေမှာ ရွေးကောက်ပွဲတွေကျင်းပနိုင်မှာ မဟုတ်ပါဘူး။
အဲ့ဒီနေရာတွေဟာ တည်ငြိမ်အေးချမ်းမှုမရှိတဲ့အပြင် လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တာကြောင့် အဲ့ဒီမဲဆန္ဒနယ်တွေမှာ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေ မရှိတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေပုဒ်မ ၁၀ ( ၈ ) အရ ထုတ်ပယ်လိုက်တာလို့ နိုင်ငံရေးအသိုင်းအဝိုင်းထံက သိရပါတယ်။
ဒီကြေညာချက်ကို စက်တင်ဘာ ၁၄ ရက်နေ့ရက်စွဲနဲ့ UEC က ကြေညာခဲ့တာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
#PAN