“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား DJ တီးခတ် သရုပ်ပျက်မူးယစ်ကခုန်ခဲ့သူများအား ဖမ်းဆီး

(မှုခင်း) စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ “Cover Club” ဆိုင်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီအချိန်ခန့်အထိ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား DJ တီးခတ် ကခုန်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စည်တွင် DJ Violet(ခ) ခင်ထွေးထွေးမွန်၊ ၂၄ နှစ် နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက် နှင့် Dice(ခ) ဉာဏ်လင်းထက်တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား အရက်သေစာသောက်စားမူးယစ်၍ သရုပ်ပျက်အဝတ်အစားများဝတ်ဆင်ကာ DJ တီးခတ်ကခုန်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာအား အကြည်ညို ပျက်စေရန်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး ရှာဖွေဖမ်းဆီးခဲ့ရာ DJ တီးခတ်သူ DJ Violet(ခ) ခင်ထွေးထွေးမွန်၊ ၂၄ နှစ်နှင့် DJ မန်နေဂျာ ဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ ၂၈ နှစ်တို့ကို စက်တင်ဘာ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြိုနယ်၊ နနွင်းကုန်းရပ်ကွက်နေ အိမ်၌လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်၊ ၄၉ နှစ်၊ ဆိုင်မန်နေဂျာ ဇင်စုရ၊ ၃၁ နှစ်တို့ကို ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်း နှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ “Cover Club” ဆိုင်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှ DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန်ထံမှ DJ တီးခတ်ရာတွင် အသုံးပြုသည့် Menmory Stick ၆ ခု သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များသည် “Cover Club” ဆိုင်အတွင်းမှ DJ စက်နှင့် ဆက်စပ်ပစ္စည်းများအား သက်သေများနှင့်အတူသိမ်းဆည်းကာ “Cover Club” ဆိုင်အား ချိတ်ပိတ် ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့မှုကြောင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားစေသည့် DJ Violet (ခ) ခင်ထွေးထွေးမွန်၊ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ Dice(ခ)ဉာဏ်လင်းထက်၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာ ဇင်စုရတို့အား မဟာအောင်မြေ မြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်း (ပ)၂၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN