တပ်မတော်သားအယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူ

(ပြည်တွင်း) စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊   ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာလ ၆ ရက်နေ့က အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့်   အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍  တပ်မတော်သားအယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ  စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ သီဟ Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန်ရောက်ရှိလာသူ အမည်မသိလူငယ်  ၁  ဦးမှ  I Phone-13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့်  ဆိုင်ဝန်ထမ်းများမှ ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်မှညနေမှပြန်လာမည်ဖြစ်ကြောင်းပြောဆို၍ပြန်သွားခဲ့ကြောင်း၊  ထိုနေ့ ည ၇ နာရီခွဲခန့်တွင် အဆိုပါလူငယ်သည်  အရက်သေစာသောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ပြန်လည်ရောက်ရှိလာပြီး  ဖုန်းများအား ထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ I Phone-13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ  I Phone-11 Pro Max ဖုန်းဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာတပ်မတော်မှတပ်ကြပ်ကြီးအဆင့်ရှိစိုးဝင်းဖြစ်ကြောင်း၊ဆိုင်တစ်ဆိုင်လုံးအား PDF ဟုပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီးပြန်လာမည်ဖြစ်ကြောင်းစသဖြင့် ကြမ်းတမ်းစွာခြိမ်းခြောက်ပြောဆိုထွက်ခွာသွားကြောင်းသတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အားစုံစမ်းဖော်ထုတ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊  ရပ်ကွက်ကြီး(၂၁)နေ စိုးဝင်း(၂၄)နှစ်(ဘ) ဦးသိန်းအောင်ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီးစိုးဝင်းမှာတပ်မတော်သားတစ်ဦးမဟုတ်ဘဲတပ်မတော်သားအဖြစ်အယောင်ဆောင်ကာတပ်မတော်အပေါ်ပြည်သူလူထုအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြုပေါ်ပေါက်သဖြင့် အများပြည်သူအထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ တပ်မတော်သားအယောင်ဆောင်ကာခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၈၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

မသမာသူများသည် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေရန်ရည်ရွယ်၍ ပြစ်မှုကျူးလွန်ရာ၌တပ်မတော်/ဌာနဆိုင်ရာဝန်ထမ်းများအယောင်ဆောင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်၊  အနိုင်ကျင့်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့်ဖော်ပြပါဖြစ်စဉ်အတိုင်း မသင်္ကာဖွယ်ဆောင်ရွက်သူများ တွေ့ရှိပါက အနီးဆုံးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲစခန်းများသို့  အချိန်မီ သတင်းပို့တိုင်ကြားနိုင်ပါကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။