(မှုခင်း) စက်တင်ဘာ ၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက် ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ မြို့မ(၃)ရပ်ကွက်နေ မုဒုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ညစောင့်ဝန်ထမ်းဖြစ်သူ ဦးအောင်မျိုးလွင်(ခ)ကိုမျိုး၊ ၅၂ နှစ်သည် ၎င်း၏နေအိမ်မှ အဆိုပါကျောင်းသို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မြို့မ(၄)ရပ်ကွက်၊ မြသန္တာလမ်းထိပ်အရောက်၌ အကြမ်းဖက်သမား PDF တစ်ဦးက နောက်မှ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။