(မှု့ခင်း) စက်တင်ဘာ ၂

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ရွှေနံသာသားသတ်ရုံရှေ့၊ လျှပ်စစ်ဝန်ထမ်းအိမ်ယာအနောက်ဘက်၊ နေပြည်တော် မြို့ပတ်လမ်းဘေးရှိ မြောင်းဘေးခြုံထဲတွင် သြဂုတ်လ ၂၅ ရက်နေ့က ယောက္ခမအိမ် ငါးဟင်းစားသွားယူသည့် အမျိုးသမီးအား သတ်ဖြတ်ကာ မှုဒိန်းမှုကျူးလွန်ပြီး ပစ္စည်းလုယက်သည့် တရားခံများ ဖမ်းဆီးရမိကြောင်း သိရသည်။
ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က သေဆုံးသူမှာ မအိအိငြိမ်း၊ ၂၃ နှစ်၊ (ဘ)ဦးထွန်းထွန်း မောင်းရမ်းကျေးရွာ၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဥတ္တရသီရိမြို့နယ်နေသူအား လူသတ်မှုဒိန်းမှု ပြစ်မှုကျူးလွန်ခဲ့ သည့် တရားခံ သောင်းဝင်းအောင်(ခ)ချစ်ဖူး နှင့် သိန်းဇော်(ခ)ကိုသိန်းတို့ ၂ ဦးသည် ဇဗ္ဗူသီရိမြို့နယ် “NAYPYITAW STATE ACADEMY” အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင် နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စုံစမ်းရှာဖွေခဲ့ရာ ည ၇ နာရီ ၃၀ မိနှစ်အချိန်ခန့်တွင် သောင်းဝင်းအောင်(ခ)ချစ်ဖူးအား “NAYPYITAW STATE ACADEMY” ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမားတန်းလျားတွင် လည်းကောင်း၊ သိန်းဇော်(ခ)ကိုသိန်းအား ဆောက်လုပ်ဆဲ အဆောက်အဦအတွင်း၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်း ၇၉ ယ/၄၂၈၁၂ CANDA 110 နက်/ပြာရောင်ဆိုင်ကယ်အား တစ်စစီဖြုတ်လက်စဖြင့် တရားခံ သိန်းဇော်(ခ)ကိုသိန်း နေထိုင်သည့် အလုပ်သမားတန်းလျားအခန်းတွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တရားခံ သောင်းဝင်းအောင်(ခ)ချစ်ဖူး နှင့် သိန်းဇော်(ခ)ကိုသိန်းတို့ ၂ ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားရှိကာ ကျန်ရှိသောသက်သေခံ ပစ္စည်း ရွှေနားကွင်း(၁)ရံ နှင့် ရွှေလက်စွပ်မောင်းကွင်း(၁)ကွင်းတို့အား ဆက်လက်သိမ်းဆည်းရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။