(ပြည်တွင်း) ဩဂုတ် ၂၉

TNLA နှင့် MDY – PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့အနေဖြင့် NUG ၏ တွန်းအားပေးမှုနှင့်အတူ မတ္တရာဒေသအား အပြီးတိုင်သိမ်းပိုက်နိုင်ရေး အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းနေရာ၌ အခိုင်အမာ ခြေကုပ်ယူ၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှစ၍ မတ္တရာဒေသအရှေ့ဘက် မြကန်သာကျေးရွာရှိ အင်အားနည်း ကာကင်းစခန်းတစ်ခုကို သာလွန်အင်အားအသုံးပြုတိုက်ခိုက်ခဲ့ရာ အဆိုပါကာကင်းစခန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်ညပိုင်းတွင် ဗျူဟာအရ ခေတ္တခွာစစ်ဆင်၍ ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် ကြိုတင် စုဖွဲ့ထားသည့် အဓိကချေမှုန်းရေးတပ်များက အမြောက်၊ လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ဆင်ရေးကာလ ၁ လ ၇ ရက်အတွင်း TNLA နှင့် MDY – PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲကြီးငယ် (၂၄)ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နိုင်ငံတော်အတွက် အသက်ပေးလှူ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၅ လောင်း၊ လက်နက်မျိုးစုံ ၄၆ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အယ်လ်ဖာဘိလပ်မြေစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီးတွင်တည်ရှိပြီး၂၀၁၇ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများစတင်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံတွင် နိုင်ငံခြားသားပညာရှင် ၈၀ ဦး၊ ပြည်တွင်း လုပ်သား ၃၀၀ ဦးတို့ဖြင့် လည်ပတ်လျက်ရှိပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထွက်ရှိကာ ဒေသတွင်းဘိလပ်မြေလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးလျက်ရှိ သည့်စက်ရုံတစ်ရုံဖြစ်သည်။အဆိုပါ ဘိလပ်မြေစက်ရုံအား အကြမ်းဖက်အဖွဲ့များက အခိုင်အမာနေရာအဖြစ် အင်အားစုဖွဲ့နေသည့်အချိန်တွင် စက်ရုံလည်ပတ်နိုင်ခြင်းမရှိသည့်အတွက် ဒေသတွင်း ဘိလပ်မြေလိုအပ်ချက်များပြားပြီး ဈေးနှုန်းကြီးမြင့်မှုများနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ဆုံးရှုံးသည့်အခြေအနေများကို ဒေသခံပြည်သူများအနေဖြင့် ခက်ခဲစွာရင်ဆိုင်ခဲ့ရသည်။ ထို့ပြင်၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ များပြားခဲ့ပြီး အဆိုပါအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေလိုအပ်ချက်များ များစွာဖြစ်ပေါ်ခဲ့ရာ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ်ထိခိုက်နစ်နာမှုများ များစွာဖြစ်ပေါ်စေခဲ့သည်။

TNLA နှင့် MDY – PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်း လုပ်ငန်းကိုတပ်မတော်က ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ဖျက်ဆီးခဲ့သည့် စက်ရုံအဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်၍ စက်ရုံများ ပြန်လည် လည်ပတ်နိုင်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။ သို့ဖြစ်၍ ဒေသတွင်းဘိလပ်မြေလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာ ပြန်လည်ဖြည့်ဆည်းပေး နိုင်မည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများလည်း ပြန်လည်ဖော်ဆောင် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်အကြား TNLA နှင့် MDY – PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့များ ကျန်ရှိနေသေးသည့်နေရာများအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရှိရပြီး နယ်မြေရှင်းလင်းခြင်းနှင့်အတူ နိုင်ငံတော်နှင့်ပုဂ္ဂလိကပိုင် အဖိုးတန်သတ္တုတွင်းထွက် ပစ္စည်းများထွက်ရှိရာနေရာများ၊ စက်ရုံ၊ အလုပ်ရုံတို့ကိုလည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


