မြစ်ကြီးနားမြို့တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဩဂုတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာရှိတဲ့ ပိုင်ရှင် ဒေါ်ထုဆိုင်း ပိုင်ဆိုင်ပြီး အိမ်ငှား ဦးကျော်စွာမင်းနေထိုင်တဲ့ နေအိမ်မှာ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ် အချိန်က နေအိမ်အတွင်းမှာရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေသိုလှောင်ထားတဲ့ နေရာရဲ့ လျှပ်စစ်မီးပလပ်ခုံက အပူလွန်ကဲပြီး အနီးရှိ ခေါက်ဆွဲဖာတွေကို မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုနေရာသို့ မြစ်ကြီးနားမြို့နယ်အတွင်းမှာရှိတဲ့ မီးသတ်စခန်းတွေက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက မီသတ်ယာဉ် (၄)စီးနဲ့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၀ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် အိမ်ငှား ဦးကျော်စွာမင်းမှာ မီးလောင်ပြီး သေဆုံးခဲ့တာကြောင့် မျိုးဆက်သစ်လူမှုကူညီရေးအသင်းကနေ သူနာတင်ယာဉ်နဲ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် လူ(၁)ဦးသေဆုံးပြီး (၃၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် နေအိမ်(၁)လုံးနဲ့ စားသောက်ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့တာကြောင့် အိမ်ငှား ဦးကျော်စွာမင်း(၅၆)နှစ်(သေဆုံး)ကို မြစ်ကြီးနားနယ်မြေ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါတယ်။