တိုင်ဖွန်းမုန်တိုင်း ကာဂျီကီကြောင့် ဗီယက်နမ်မှာ လူ ၃ ဦး သေဆုံးပြီး ဟနွိုင်းကလမ်းတွေမှာ ရေကြီးနေ


(နိုင်ငံတကာ) ဩဂုတ် ၂၆

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ဗီယက်နမ်မှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၂၆ ရက်နေ့မှာ ပြောဆိုထားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။

မုန်တိုင်းကြောင့် အိမ်ခြေ ၇,၀၀၀ နီးပါး ပျက်စီးခဲ့ရပြီး စပါးစိုက်ပျိုးမှု ၂၈,၈၀၀ ဟက်တာ ရေနစ်မြုပ်ကာ သစ်ပင် ၁၈,၀၀၀ ခန့်လဲကျခဲ့သလို ပြည်နယ် ၅ ခုမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး လျှပ်စစ် ဓာတ်တိုင် ၃၃၁ တိုင်လည်း ပြိုကျခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့ မနက်ပိုင်းက သည်းထန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့် မြို့တော် ဟနွိုင်းမှာရှိတဲ့လမ်းတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့တယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေက ဓာတ်ပုံတွေနဲ့ဖော်ပြခဲ့ကြပါတယ်။

ကာဂျီကီဟာ တနင်္လာနေ့မွန်းလွဲပိုင်းက ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီးနောက် အင်္ဂါနေ့ မနက်ပိုင်းမှာ လာအိုနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားတယ်လို့ အမျိုးသားမိုးလေဝသအေဂျင်စီက ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်မြောက်ပိုင်းရဲ့ နေရာအများအပြားမှာ မိုးဆက်လက်ရွာသွန်းမှာဖြစ်ပြီး အချို့နေရာတွေမှာ ခြောက်နာရီအတွင်း မိုးရေချိန် မီလီမီတာ ၁၅၀ အထိ မိုးရွာသွန်းနိုင်ဖွယ်ရှိပြီး ရုတ်တရက်ရေကြီး ခြင်းနဲ့ မြေပြိုခြင်းတွေဖြစ်နိုင်တယ်လို့လည်း အေဂျင်စီက သတိပေးထားပါတယ်။

ကာဂျီကီဟာ ဗီယက်နမ်ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံဟိုင်နန်ကျွန်းရဲ့ တောင်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့လို့ ကျွန်းပေါ်မှာရှိတဲ့ Sanya မြို့က စီးပွားရေးလုပ်ငန်း တွေနဲ့ အများသူငှာသွားလာရေးတွေကို ပိတ်ထားခဲ့ရတယ်လို့ နိုင်ငံတကာသတင်တွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

PAN