တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်ဟာ လူပေါင်း ၅ သိန်းကျော်ကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရ


(နိုင်ငံတကာ) ဩဂုတ် ၂၅

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း ကာဂျီကီ ကြောင့် ဗီယက်နမ် အလယ်ပိုင်းပြည်နယ်တွေက လူပေါင်း ၅၈၆,၀၀၀ ကျော်ကို အရေးပေါ်ကယ်ထုတ်နိုင်ဖို့ ဗီယက်နမ်အာဏာပိုင်တွေ စီစဉ်ခဲ့ရတယ်လို့ သိရပါတယ်။
တိုင်ဖုန်းမုန်တိုင်း ဗီယက်နမ်နိုင်ငံကိုမဝင်ရောက်မီ တနင်္ဂနွေနေ့ ညနေပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း ဟိုင်နန်ကမ်းခြေကို စတင်ဖြတ်ကျော်ဝင်ရောက်မယ်လို့ တရုတ်အမျိုးသား မိုးလေဝသဌာနက ခန့်မှန်း ပြောကြားခဲ့ပြီးတဲ့အခုလို ပြောင်းရွှေ့ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုင်ဖွန်း ကားဂျီကီကြောင့် တရုတ်တောင်ပိုင်းက လူပေါင်းတစ်သန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အာဏာကပိုင်တွေကစီစဉ်ခဲ့ရသလို သင်္ဘောတွေကို ကမ်းပေါ်တင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

ဗီယက်နမ် အမျိုးသားမိုးလေဝသခန့်မှန်းချက်အေဂျင်စီရဲ့ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး လေတိုက်နှုန်းက တစ်နာရီ ၁၈၀ ကီလိုမီတာရှိလာတာကြောင့် နေအိမ်ကနေအပြင်ကိုမထွက်ဖို့ အမိန့်ပေးထားပြီး ဗီယက်နမ်စစ်သားတွေကတော့ အကူအညီပေးဖို့အဆင့်သင့်စောင့်ဆိုင်းနေတယ်လို့ အစိုးရကပြောပါတယ်။

ဗီယက်နမ်ပြည်တွင်းလေကြောင်းလိုင်းတွေကတော့ တနင်္ဂနွေနေ့ကစပြီး အသွားအလာရပ်ဆိုင်းထားသလို အနည်းဆုံး ခရီးစဉ် ၂၂ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံကိုပြီးခဲ့တဲ့နှစ်ကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ယာဂီကြောင့် လူ ၃၀၀ ခန့် သေဆုံးခဲ့ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်၊။

PAN