(ပြည်တွင်း) သြဂုတ် ၂၄

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန် စာမေးပွဲ ဖြေဆိုခဲ့သော သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်များကို စက်တင်ဘာလ ၂ ရက်မှစတင်ပြီး ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနက အသိပေးထားရှိပါတယ်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာလ ၂ ရက်မှ ၁၉ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင်(ပိတ်ရက်မရှိ) တိုင်းနှင့်ပြည်နယ် များတွင် ဖွင့်လှစ်ထားရှိသည့် တက္ကသိုလ် ၂၄ ခုတွင် လက်ခံ ပေးသွားမှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်များကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ထားဝယ်၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ မကွေး၊ ပခုက္ကူ၊ မန္တလေး အဝေးသင်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မော်လမြိုင်၊ စစ်တွေ၊ ရန်ကုန်အဝေးသင်၊ တောင်ကြီး၊ ကျိုင်းတုံ၊ ပုသိမ်၊ ဟင်္သာတ နှင့် မအူပင်တက္ကသိုလ်များတွင် လက်ခံပေးမှာ ဖြစ်ပါတယ်။
သတ်မှတ်ရက်ထက်နောက်ကျပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမှာဖြစ်ကြောင်း ထုတ်ပြန် ထားရှိပါတယ်။
#PAN